သျှင်မြဝါအေးစေတီ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်း၏မြောက်ဘက် မြို့လယ်ဘုရားပေါင်းတောင်စွယ်တွင် တည်ရှိသည်။ ဘုရင်မင်းဗာကြီးသည် ကောဇာသက္ကရာဇ် ၈၉၉ ခုနှစ် (အေဒီ ၁၅၃၇) တွင် သူ၏ဆရာ သျှင်မြဝါ ကွယ်လွန်ခြင်းအတွက် ကုသိုလ်ကောင်းမှုရည်မှန်းလျက် ထိုဆရာမြတ်၏အရိုးကို မြေအောက်ဌာပနာထား၍ တောင်ထွဋ်တခုပေါ်၌ စေတီတစ်ဆူကို တည်ထားခဲ့သည်။ ထိုဆရာကြီးသျှင်မြဝါ၏ ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကို ဌာပနာထည့်ကာ နောင်သံသရာတွင် သျှင်မြဝါအား အေးချမ်းစေလိုသော ဆုတောင်းဖြင့် တည်ထားခဲ့သဖြင့် သျှင်မြဝါအေးစေတီဟု ဘွဲ့အမည်တွင်ခဲ့သည်။ ထိုတောင်ကို ယနေ့ထိတိုင် မြဝါတောင်ဟုလည်းကောင်း၊ မြဝါစေတီဟုလည်းကောင်း ခေါ်တွင်သည်။ သျှင်မြဝါသည် မင်းမျိုးမင်းနွယ် တစ်ဦးဖြစ်ပြီး မင်းဗာကြီးနှင့် ညီအစ်ကိုတစ်ဝမ်းကွဲ (အမေညီအစ်မ) တော်စပ်သည်။ မြောက်ဦးမြို့အတွက် အကာကြီး ၁၀၀ အကာငယ် ၁၀၀၀ တို့ကို စီမံပေးခဲ့သော ရသေ့ယောဂီတစ်ဦး ဖြစ်ပြီး မြောက်ဦးမြို့၏ မြောက်ဘက် တောင်ညိုကျောင်းတိုက်တွင် နမန္တာ ခေါ် ဓာတ်ကျမ်းကြီးကို ပြုစုရေးသားခဲ့သော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည်။