ဦးခင်ညွန့်

Listing Description

၁၉၃၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာ၌ တွေ့ရှိ သဘောကျသွားသဖြင့် အနားသို့ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲ တပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၂၅ ကိုတက်ရောက်ကာ ရာထူးအလွန် အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိခဲ့ကြသည်။

အမှတ် (၁) စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ခ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အရေးအခင်းကာလ မတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။

၁၉၈၈ အရေးအခင်းနောက် ၁၈-၀၉-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၎င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူတစ်ဦးဖြစ်ခဲ့သည်။ ၎င်းနောက် ၁၉၉၁ တွင် ဗိုလ်ချုပ်အဆင့်၊ ၁၉၉၃ တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဖြစ်လာပြီး ၎င်း၏ ထောက်လှမ်းရေး အင်အားစုကြီးကို တိုးချဲ့လာခဲ့သည်။ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို့မကျောင်း စိန်ရတုတွင် ဦးဆောင် ပါဝင်ခဲ့သည်။ ၁၉၉၇ တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေး မှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

တပ်မတော်ထောက်လှမ်းရေး အကြီးအကဲ အပြင် (၂၅-၈-၂၀၀၃) ရက်နေ့မှ (၁၈-၉-၂၀၀၄) ရက်နေ့အထိ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့ပုံမှာ အောက်ပါအတိုင်းဖြစ်သည်-

စစ်ဘက်

နည်းဗျူဟာမှူး၊ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် (၁၉၈၃)

တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး (၁၉၈၃-၂၀၀၁)

စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးမှူး (၁၉၉၅-၂၀၀၁)

တပ်မတော်ထောက်လှမ်းရေးမှူးချုပ်(၂၀၀၁-၂၀၀၄)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၏ စစ်ဘက်အကြံပေးအရာရှိ (၂၀၀၂-၂၀၀၄)

အုပ်ချုပ်ရေးဘက်

အတွင်းရေးမှူး(၁)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (၁၉၈၈-၁၉၉၇)

အတွင်းရေးမှူး(၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇-၂၀၀၃)

နိုင်ငံတော်ဝန်ကြီးချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ (နယကအဖွဲ့ဝင်) (၂၀၀၃-၂၀၀၄ အောက်တိုဘာ)

ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေ နှင့် အိမ်ထောင်ကျသည်။ သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊ သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် Bagan Cybertech တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း တို့ကို ထွန်းကားခဲ့သည်။ ဒေါက်တာခင်ဝင်းရွှေရဲ့ အကိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တွင် ၂၀၁၀ ပြည့်အထိ ဗဟို အလုပ်အမှုဆောင်တာဝန်ထမ်း ဆောင်ခဲ့သူ ဒေါက်တာသန်းငြိမ်း ဖြစ်သည်။

၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆို ခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်း၏ ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်း၍ ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ်ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ်မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီးစန်းပွင့်၊ ဗိုလ်မှူးကြီးမြင့်အောင်ကျော်တို့ကို ဖမ်းဆီး အရေးယူခဲ့သည်။ ဗိုလ်မှူးချုပ်သိန်းဆွေနှင့် ဗိုလ်မှူးကြီး ခင်အောင်အပါအဝင် ၎င်းထောက်လှမ်းရေးအရာရှိကြီး ၃၈ ဦးကို အကျင့်ပျက်ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၀၀ ကျော်အထိ ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂၀၁၂) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွှတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်းနေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။

အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် အောက်ပါစာအုပ်များ ရေးသားခဲ့သည် -

နိုင်ငံ၏ အနောက်ဘက်တံခါးပေါက်က ပြဿနာ

ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ

ဥပဒေ၏အထက်မှာ သစ်လုံးတွေ တောင်လိုပုံလို့

မြန်မာတကောင်း ပျူတကောင်း

ကျွန်တော်ရယ် ထောက်လှမ်းရေးရယ် နဝတနှင့်နအဖရယ်

မဟာမြိုင်တောရ ခရီးသွားမှတ်တမ်း

မဟာမြိုင်တောကြီးအတွင်းက လေးကျွန်းရန်အောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲ

အတွင်းရေးမှူး (၁)