ရန်ကုန်-သန်လျင်တံတားအမှတ်(၁)

Listing Description

ရန်ကုန်-သန်လျင်တံတား အမှတ် (၁) သည်  ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ပေးထားသော တံတားဖြစ်သည်။ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ ပေါင်းဆုံရာနေရာမှ အရှေ့မြောက်ဖက် ၄၂ ကီလိုမီတာခန့်အကွာရှိ ပဲခူးမြစ်ကို ဖြတ်သန်းတည်ဆောက်ထားခြင်း ဖြစ်သည်။ တံတားကြီးကို တရုတ် မြန်မာချစ်ကြည်ရေးတံတားအဖြစ် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ ၁၉၈၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၃၁-၇-၁၉၉၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ တံတား၏အရှည်မှာ ၅၉၇၇ ပေရှည်လျား၍ တံတားအကျယ် ၆၇ ဒသမ ၂၄ ပေရှိကာ တံတားအလယ်ဗဟိုတွင် ရထားလမ်းရှိပြီး ရထားလမ်း၏ ဝဲ/ယာတွင် တစ်လမ်းသွားကားလမ်းများရှိသည့် တံတားကြီးဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်မှ ယနေ့အချိန်အထိ မီးရထားလမ်းနှင့် ကားလမ်း အသုံးပြုနေရဆဲ တံတားကြီးတစ်စင်းဖြစ်သည်။ ရန်ကုန်-သံလျင်-ကျောက်တန်းဒေသ၊ ခရမ်း-သုံးခွဒေသများနှင့် သီလဝါအထူးစီးပွားရေးဇုန်များ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အတွက် အရေးပါ အရာရောက်နေသော တံတားကြီးတစ်စင်းဖြစ်သည်။

ယခုအခါတွင် နေ့စဉ်ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်ရန်နှင့် တံတားကြီးကို ရေရှည်အသုံးပြုနိုင်ရန်အတွက်ရည်ရွယ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် (JICA- ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) တို့ပူးပေါင်း၍ ရန်ကုန် သံလျင် အမှတ် (၁) တံတားကြီး၏အနီး ၁၂၅ မီတာအကွာတွင် ရန်ကုန် သန်လျင် အမှတ်(၃) လေးလမ်းသွားတံတားကြီးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက်နေ့မှစတင်၍ တည်ဆောက်နေပြီဖြစ်သည်။ အဆိုပါအမှတ်(၃)တံတားအရှည်မှာ ၁၉၂၈ မီတာရှိပြီး တံတား၏ ကိုယ်ထည်ကို Steel Box Grider နှင့် အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည်ဖြစ်ကာ ယာဉ်တစ်စီး၏ ခံနိုင်ဝန်အားကို (၇၅) တန် သတ်မှတ်ထားကြောင်း၊ တံတား တည်ဆောက်ရာတွင် ဂျပန်နိုင်ငံမှချေးငွေယူကာ အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄၀ သန်းနှင့် မြန်မာနိုင်ငံဘက်မှထည့်ဝင်ငွေ ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်း၊ စုစုပေါင်းဒေါ်လာ ၃၂၃ ဒသမ ၂၀၆ သန်းဖြင့် ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းပြီးစီးမည်ဖြစ်ကြောင်းသိရပါသည်။