သီလဝါဆိပ်ကမ်းသို့ ရေစူးအနက် ၁၀ မီတာရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်တော့မည်

Listing Description

ရန်ကုန်    နိုဝင်ဘာ    ၂၇

ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်လာမှုကြောင့် သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာမှ ရေစူး ၁၀ မီတာအထိရှိသော သင်္ဘောကြီးများ ဆိုက်ကပ်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

“၂၀၂၀ နှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြစ်ရဲ့ရေလမ်းကြောင်း ကောင်းမွန်လာတဲ့အတွက် ဇူလိုင် ၁ ရက်ကစပြီး အတွင်း ဆိပ်ကမ်းသို့ ရေစူးအနက် ၉ မီတာမှ ၉ ဒသမ ၃ မီတာ၊ သီလဝါ ဆိပ်ကမ်းဒေသမှာ ၉ မီတာမှ ၉ ဒသမ ၅ မီတာ သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှာတော့ ရေစူး ၁၀ ဒသမ ၅ မီတာရှိတဲ့ သင်္ဘောကြီး ဆိုက်ကပ်နိုင်ခဲ့တဲ့အတွက် ဒီဇင်ဘာလကစပြီး    ရေစူး ၁၀ မီတာရှိတဲ့    သင်္ဘောကြီးတွေ ဆိုက်ကပ်ခွင့်ပြုနိုင်တော့မှာဖြစ်ပါတယ်”ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဒုတိယရေကြောင်းမှူးချုပ် ဦးဝင်းမြင့်အောင်က ပြောသည်။

သင်္ဘော၏အရှည်ကိုလည်း   သီလဝါဆိပ်ကမ်းဒေသသို့ အရှည်  မီတာ ၂၁၀ မှ  မီတာ ၂၂၀ အထိ ခွင့်ပြုသွားမည်ဖြစ် ကြောင်း၊ ယမန်နေ့က    မြန်မာ့ဆိပ်ကမ်းသမိုင်းတွင် တန်ချိန်အများဆုံးနှင့် အရှည် ၂၇၂ မီတာရှိ သဘာဝ ဓာတ်ငွေ့ရည်တင်သင်္ဘောကြီး ဝင်ရောက်ဆိုက်ကပ်နိုင်ခဲ့ကြောင်း သိရသည်။

သင်္ဘောကြီးများ ဆိုက်ကပ်လာနိုင်

ရန်ကုန်မြစ်ကြောင်းသည် ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ်ဆုံရာတွင် တည်ရှိသဖြင့် နုန်းတင်အနည်ချမှုများပြားကြောင်း၊ ရန်ကုန်မြစ်ကြောင်း ရေလမ်း ကြောင်းကောင်းမွန်ရေး ငါးနှစ်စီမံကိန်းကို ဆောင်ရွက်နိုင်၍ ရေလမ်းကြောင်းမှ  ၂၀၂၀ ပြည့်နှစ်မှစကာ  ရေလမ်းကြောင်းသစ်ပေါ်ထွန်းလာခြင်း၊  မူလရေကြောင်း စီးဆင်းမှုကောင်းလာခြင်းတို့ကြောင့် ရေစူးနက်သော သင်္ဘောကြီးများ ဆိုက်ကပ် လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀  ပြည့်နှစ်  ဇူလိုင် ၁ ရက် မှစပြီး  နိုဝင်ဘာလအထိ  ရန်ကုန် ဆိပ်ကမ်းသို့ရေစူး ကိုးမီတာရှိ သင်္ဘော ကိုးစင်း၊ ကုန်တန်ချိန် ၁၅၀၀၀ မှ ၃၀၀၀၀  အထိရှိကြောင်း သိရသည်။  ယင်းကာလအတွင်း သီလဝါဆိပ်ကမ်းဒေသသို့  ရေစူး ကိုးမီတာမှ ၉ ဒသမ ၁ မီတာရှိ သင်္ဘော ၁၁၄ စင်း၊ ရေစူးအနက် ၉ ဒသမ  ၁ မှ ၉ ဒသမ ၄ ရှိ သင်္ဘော ၁၂ စင်း၊ ရေစူး ၉ ဒသမ ၄ မှ ၉ဒသမ ၇ ရှိ သင်္ဘော  သုံးစင်း၊ ရေစူး ၉ ဒသမ ၇ မှ ၁၀ မီတာရှိ သင်္ဘော တစ်စင်းတို့ကို ဆိုက်ကပ်နိုင်ခဲ့ ကြောင်း၊ ရေစူး တစ်မီတာနက်တိုင်းနက်တိုင်း ကုန်တန်ချိန်ပိုမိုတင်ဆောင် နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အတွင်းဆိပ်ကမ်းများသို့ သင်္ဘောအရှည် မီတာ ၁၉၀ မှ ၂၀၀ အထိသာခွင့်ပြုထားကြောင်း၊ တန်ချိန်မှာ ၁၅၀၀၀ မှ ၂၀၀၀၀ ရှိကြောင်း၊ ထိုအတောအတွင်း သီလဝါဆိပ်ကမ်းသို့ အရှည် မီတာ၂၀၀အထက် သင်္ဘော  များ ဆိုက်ကပ်လျက်ရှိကြောင်း၊ ကုန်တန်ချိန်အားဖြင့်လည်း တန် ၃၀၀၀၀  ခန့်ရှိကြောင်း သိရသည်။

မြင့်မောင်ကျော်

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။