ပေါ်တူဂီဘုရားကျောင်း(ခ) အပြစ်မဲ့ သန္ဓေယူသည့် အလွန်မွန်မြတ်သော ကညာမာရီယား သခင်မဘုရားကျောင်း

Listing Description

ပေါ်တူဂီဘုရားကျောင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ရန်ကုန်-သန်လျင်အမှတ် (၁)တံတားထိပ်အနီး၊ သန်လျင်BOCရေနံဝန်းအတွင်းဘက် ကုန်းထိပ်ပေါ်တွင် တည်ရှိပါသည်။ ရိုမန်ကက်သလစ်ဘာသာဝင် ပေါ်တူဂီများ သန်လျင်သို့လာရောက် အခြေချခဲ့သည်ကို အစွဲပြု၍ ပေါ်တူဂီဘုရားကျောင်းဟု ခေါ်ဆိုကြသော်လည်း ပေါ်တူဂီတို့ ကောင်းစားစဉ်ကာလက ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ ယင်းထုထည်ကြီးမားစွာဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်းကြီးသည် အမှန်စင်စစ် အီတလီဗိသုကာလက်ရာဟန် ဖြစ်ပါသည်။ ၁၇၅၀ ခုနှစ်တွင် ဘုန်းတော်ကြီး ပေါလို မာရီ နယ်ရီးနီ (Rev. Fr. Paolo Marie Nerini) နှင့် ကိုရင်ကြီး အန်းဂျေလို ကာပဲလို (Rev. Bother Angelo Capello)တို့က မြို့ပေါ်ရှိ အာမေနီးယန်း လူမျိုးကုန်သည်ကြီး နီကောလားစ် ဒေ အာဂွာလာ (Nicolas de Agualar) ၏ လှူဒါန်းမှုဖြင့် အလျားပေ ၈၁ ပေ၊ အနံ ၃၁ ပေ၊ အမြင့်ပေ ၄၀ ကျယ်ဝန်းသည့် အီတလီလက်ရာ ဘုရားကျောင်းကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ တည်ဆောက်မှု ကုန်ကျစရိတ် ထိုခေတ်ကာလ ရွှေဒင်္ဂါး ၆ သောင်းကျော်ကုန်ကျသည်ဟု သိရပါသည်။ ထိုဘုရားကျောင်းကြီးကို ဘုန်းတော်ကြီး ပေါလို မာရီနယ်ရီးနီက “အပြစ်မဲ့ သန္ဓေယူသည့် အလွန်မွန်မြတ်သော ကညာ မာရီယား သခင်မ၏ ကျောင်းဗိမ္မာန်” ဟု အမည်ပေးကာ၊ ကျောင်း၏ ဒါယိကာ၊ ဒါယိကာမတို့ကို ဂုဏ်ပြုသောအားဖြင့် လက်တင်၊ အာမေးနီးယန်း ဘာသာစကား ၂ ရပ်ဖြင့်လည်းကမ္ပည်းထိုးကာ မှတ်တမ်းတင်ခဲ့သည်။ ၁၇၅၆ ခုနှစ်တွင် သန်လျင်မြို့ကို မွန်နှင့် ပြင်သစ်တို့၏ လက်မှ အလောင်းဘုရား သိမ်းယူသည့် တိုက်ပွဲများ၌ ကိုရင်ကြီး ကာပဲလိုမှာ စစ်ဘေးဒုက္ခသည်များကို ပြုစုရင်း အမြောက်ဆန်သင့်ကာ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ပြီး ဘုန်းတော်ကြီး နယ်ရီးနီးမှာလည်း နှစ်ဖက် လူမျိုးစုများအကြား သင်္ကာမကင်းခြင်းခံရကာ “မယ်တော်ကျောင်းကြီး” အတွင်း၌ပင် ခေါင်းဖြတ် ကွပ်မျက်ခြင်း ခံခဲ့ရသည်။ ယင်းရှေးဟောင်းကျောင်းကြီးအတွင်းတွင် အဖြူရောင်အုတ်တိုက်သွပ်မိုးကာ အဆောက်အအုံငယ်အတွင်း အထိမ်းအမှတ် အုတ်ဂူတစ်ခုထားရှိပါသည်။ ထိုအုတ်ဂူပုံစံတွင် လက်တင်ဘာသာ၊ အာမေးနီးယန်း၊ ပေါ်တူဂီ၊ မြန်မာ စသည်ဖြင့် ဘာသာလေးမျိုးဖြင့် ကမ္ဗည်းမှတ်တမ်းရေးထိုးထားသည်ကို တွေ့နိုင်ပါသည်။ လက်တင်ဘာသာဖြင့် ရေးထိုးထားသော မှတ်တမ်းအဓိပ္ပာယ်မှာ-

- TEMPLEM HOC = ဘုရားကျောင်း

- BEAE MARIAE VIRGINI SINE LABE CONCEPTE = အပြစ်မဲ့ သန္ဓေယူသည့် အလွန်မွန်မြတ်သော ကညာ မာရီယား သခင်မ၏ ကျောင်းဗိမ္မာန်

- NICOLAI DE AGUALAR NATIONE AR MENI ET MARGARITE CONJUGIS ERE EXTRUCTUM EST ANNO DOMINI SANCTO M DCCL- အေဒီ ၁၇၅၀ ခုနှစ်တွင် အာမေးနီးယန်းကုန်သည်ကြီးများမှ ဤဘုရားကျောင်းအား ဆောက်လုပ်လှူဒါန်းပြီးစီးသည် ဟု အဓိပ္ပါယ်ရပါသည်။

ထို့ကြောင့် ပေါ်တူဂီရှေးဟောင်းဘုရားကျောင်းကြီးသည် သမိုင်းဝင် နေရာတစ်ခု ဖြစ်သကဲ့သို့ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ နေရာတခု ဖြစ်ခဲ့ပြီး ယခုအခါ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။