နတ်သျှင်နောင် ဂူဗိမာန်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့တောင်ဘက် သန်လျင်-ကျောက်တန်းလမ်း၊ ကျိုက်ခေါက်စေတီတော်၏ မြောက်ဖက် စောင်းတန်းအနီးတွင် တည်ရှိသည်။ တောင်ငူနန်းတည် သီဟသူရမဟာဓမ္မရာဇာမင်းရဲသီဟသူနှင့် မိဘုရားခေါင်ကြီး အတုလအဂ္ဂမဟာဒေ၀ီမင်းခင်စောတို့၏ သားတော်အကြီးဆုံးဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၄၀ ခု (ခရစ်နှစ် ၁၅၇၈ ခု ဇန်န၀ါရီလ) ဖွားဖြစ်ပြီး ဘုရင့်နောင်မင်းတရားကြီးနှင့် မြေးတော်စပ်သည်။ သက္ကရာဇ် ၉၆၄ ခုနှစ်တွင် ခမည်းတော် တောင်ငူရွှေနန်းတည်တော်မူပြီး နန်းတက်သောအခါ နတ်သျှင်နောင်သည် အိမ်ရှေ့မင်းဘွဲ့ရသည်။ ထို့နောက် မိမိထက်အသက် ၂၀ ကြီးသော အဒေါ်တော်စပ်သည့် ရာဇဓာတုကလျာနှင့် လက်ထပ်ခဲ့သည်။ သက်တော် ၃၁ နှစ်တွင် သီဟသူရဘွဲ့ဖြင့် တောင်ငူဘုရင်အဖြစ် နန်းတက်ခဲ့သည်။ ခရစ်နှစ် ၁၆၁၀ ပြည့်နှစ်တွင် အင်း၀၌ ထီးနန်းစိုက်သော ညီတော်၀မ်းကွဲ အနောက်ဘက်လွန်မင်းက တောင်ငူကို လာတိုက်ရာရှုံးနိမ့်သဖြင့် အနောက်ဘက်လွန်မင်းအား အညံ့ခံပေးလိုက်ရသည်။ အနောက်ဘက်လွန်မင်းက နတ်သျှင်နောင်ကို လက်အောက်ခံအဆင့်အဖြစ် နှိမ့်ထားပြီး တောင်ငူကို ဆက်လက်မင်းပြုစေခဲ့သည်။ ခရစ်နှစ် ၁၆၁၂ ခုနှစ်တွင် သန်လျင်ကိုသိမ်းထားသည့် ပေါ်တူဂီ ဖိလစ်ဒီဘရစ်တို (ခ) ငဇင်ကာနှင့် ပူးပေါင်း၍ အနောက်ဘက်လွန်မင်းအား ပုန်ကန်ခဲ့သည်။ ခရစ်နှစ် ၁၆၁၃ ခုနှစ်တွင် အနောက်ဘက်လွန်မင်းက သန်လျင်ကို သိမ်းပိုက်ခဲ့ပြီး နတ်သျှင်နောင်နှင့် သူ၏မိတ်ဆွေ ဖိလစ်ဒီဘရစ်တို (ခ) ငဇင်ကာတို့အား ကွပ်မျက်ခဲ့သည်။ ထို့နောက် နတ်သျှင်နောင်၏ အရိုးပြာများကို ကျိုက်ခေါက်စေတီတော် မြောက်ဘက်စောင်းတန်းအနီးတွင် အုတ်ပြဿဒ်ဖြင့် သင်္ဂြိုလ်ခဲ့သည်။