ဝန်ကြီးပဒေသရာဇာဂူဗိမာန်

Listing Description

မြန်မာစာပေသမိုင်းတွင် ထန်းတက်သမား၊ လယ်သမား၊ လှေသမား၊ လှည်းသမား စသော အခြေခံလူတန်းစားများနှင့် ပတ်သက်သည့် ကဗျာများ စာများကို ရေးသားခဲ့သော စာဆိုဝန်ကြီးပဒေသရာဇာ၏ဂူဗိမာန်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် အနီးတွင် တည်ရှိပါသည်။ ဝန်ကြီးပဒေသရာဇာကို အင်္ဂါမင်းလက်ထက်တွင် ဖခင် ရွှေကြပ်စားနှင့် မိခင်အချီတော်တို့မှ မြန်မာသက္ကရာဇ်(၁၀၃၄)ခုနှစ်တွင် ဖွားမြင်သည်။ ပျို့၊ ကဗျာ၊ လင်္ကာအမျိုးမျိုးကို ရေးသားခဲ့သည့် ဂီတစာဆိုတစ်ဦးဖြစ်ပြီး ဘွဲ့ကြိုရေးသားခြင်းတွင် ထူးခြားပြောင်မြောက်သူဖြစ်သည်။ ဒုတိယအင်းဝခေတ် (ညောင်ရမ်းခေတ်) အင်္ဂါမင်းလက်ထက်တွင် ပေါ်ပေါက်လာပြီး ကြသာပတေးမင်း (ဟံသာဝတီရောက်မင်း) လက်ထက်တိုင် မင်းလေးဆက်တွင် အမှုထမ်းခဲ့သူဖြစ်သည်။ နန်းတွင်းစာဆိုဖြစ်သော်လည်း ထီးမူနန်းဟန်သာမက ကျေးလက်တောရွာဓလေ့ ပိုင်နိုင်ကျွမ်းကျင်သူဖြစ်သည်။ စာဆိုသည် အမှုထမ်းကောင်းတစ်ဦးဖြစ်သည့်အလျောက် လက်ဝဲရွှေတောင် ဘယကျော်သူ၊ မင်းရဲမင်းလှကျော်ထင်စသည့် ဘွဲ့များလည်း ချီးမြှင့်ခံခဲ့ရပါသည်။ မြန်မာသက္ကရာဇ် ၁၁၁၄ ခုနှစ်တွင် ဟံသာဝတီဥပရာဇာက အင်းဝကို တိုက်ခိုက်အောင်မြင်၍ မင်းနှင့်တကွ ဝန်ကြီးပဒေသရာဇာကိုပါ ဟံသာဝတီသို့ ခေါ်ဆောင်ရာတွင် ဝန်ကြီးပဒေသရာဇာသည် သန်လျင်တွင် သက်တော်(၇၀)၊ မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ်၌ ဒူလာဝမ်းရောဂါဖြင့် ကွယ်လွန်၍ ယင်း၏ကြွင်းကျန်သော ရုပ်ကလာပ်ကို  သန်လျင်ကျိုက်ခေါက်စေတီတော်အနီးတွင် အုတ်ဂူသွင်းတည်ထားခဲ့ပါသည်။ အုတ်ဂူမှာ အပြင်အလျားမှာ ၂၀ ပေ၊ အနံ ၂ဝ ပေ၊ အမြင့် ၂ဝ ပေ ရှိပြီး အတွင်းအလျားမှာ ၉ ပေ၊ အနံ ၉ ပေ၊ အမြင့် ၉ ပေ ရှိပါသည်။ အဆိုပါ အုတ်ဂူမှာ အမိုးမရှိ နံရံလေးဖက်တွင် ဂူပေါက်လေးခု တွေ့မြင်ရခြင်းမှလွဲ၍ ဂူပေါက်များမှ ဝင်ထွက်သွားလာနိုင်ခြင်းမရှိ၊ မြေစိုင်မြေခဲများဖြင့် ပိတ်ဆို့လျက် ရှိသည်။

၁၉၉၂ ခု၊ ဇွန်လ ၉ ရက်နေ့ ကျိုက်ခေါက်ဘုရား ဂေါပကအဖွဲ့ဝင်များက ဝန်ကြီးပဒေသရာဇာ ဂူအတွင်း မြေသားများကို တူးဖော်ရှင်းလင်းရာမှ ခဲရုပ်ပွားတော်အကောင်း ၉၅ ဆူနှင့် အပျက် ၇၂ ဆူ စုစုပေါင်း ၁၆၇ ဆူ၊ ရွှေကြုတ်၊ ငွေကြုတ် ရွှေလက်စွပ် (နှစ်ရွေး)၊ နီလာကျောက်ငယ် ၁ လုံး၊ ပတ္တမြား (ဆန်စေ့ပိုင်းခန့်) ၂ လုံး ရရှိခဲ့ပြန်သည်။ ထို့ပြင် အုတ်ဂူတိုက်မှပင် ငွေဘုရားဆင်းတုတော်အကောင်း ၊ အပျက် စုစုပေါင်း ၆၁ ဆူကို တူးဖော်တွေ့ရှိခဲ့သည်။ ငွေဘုရားဆင်းတုတော်များမှာ ပုံတော်အမျိုးမျိုး ဉာဏ်တော်အစုံစုံရှိပြီး ဆင်းတုတော်အောက်ခြေ၌ အလှူဒါယကာများ၏အမည်များကို ရေးထိုးထားသည်။ အလှူ့ဒါယကာအမည်များမှာ ရေဝန်နေမျိုးနော်ရထာစည်သူ၊ ယွန်းစုအစီရင်မင်း၊ ရွှေတောင်နန္တမိတ်၊ ယွန်းစာရေးကြီး၊ သူရဓမ္မ၊ စာရေးတော်ကြီး မောင်ရွှေကြာ၊ စာရေးတော်ကြီး မင်းလကျ်ာပုံချီသမီးနှင့် ခင်ပွန်း၊ စာရေးတော်ကြီး နန္ဒကျော်သူ ၊ စာရေးတော်ကြီးမင်း လကျ်ာပုံချီ ဇနီးမောင်နှံတို့ ဖြစ်ကြသည်။

စာဆိုတော် ဝန်ကြီးပဒေသရာဇာ၏ ထင်ရှားခဲ့သော စာများကား သူဇာပျို့၊ မဏိကက်ပျို့၊ ကျေးဇူးတော်ပျို့၊ ယိုးဒယားသံရောက်ပျို့၊ ကုမ္မာဘယပျို့၊ သမုဒ္ဒဃေသပျို့၊ မနော်ပျို့ (ဤပျို့ ခုနှစ်စောင် ကို “ပျို့ကြီးခုနှစ်စောင်” ဟု ခေါ်တွင်သည်။) တောထွက်ခန်းပျို့၊ ဒန္ဒာသီရိပျို့၊ နုအူပျို့၊ ကြာနတ်ကေသပျို့၊ မဟာပတိပျို့၊ နမောလင်္ကာပျို့၊ ဆန္ဒပြန်ပျို့ ဟူသော ပျို့များ၊ ဧချင်းများ၊ ရတုများ၊ သီချင်းများ၊ တျာချင်းများနှင့် မဏိကက်နန်းတွင်းဇာတ် စသည်တို့ ဖြစ်သည်။ ဤစာတို့တွင် အထူးခြားဆုံးမှာ “တျာချင်း” များ ဖြစ်လေသည်။ ဝန်ကြီးပဒေသရာဇာ ဖွဲ့ဆိုသော တျာချင်းများမှာ ရှိဖွေတွေ့ရှိသမျှ ၅ ပုဒ် ဖြစ်သည်။ ထို ၅ ပုဒ်လုံးမှာ လယ်သမား၊ ထန်းတက်သမား၊ ပိန်းကော၊ လှေသမား၊ နွားဝန်တင်သမား၊ အညာလှေကြီးသမားတို့၏ ဘဝကို ချစ်ခင်ဖွယ်၊ ကြင်နာဖွယ်၊ လေးစားဖွယ်၊ မြတ်နိုးဖွယ် ဖွဲ့ဆိုထားသော တျာချင်းများ ဖြစ်ပါသည်။ ယခုအခါ ဝန်ကြီးပဒေသရာဇာအုတ်ဂူအား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။