သန်လျင်တံတား အမှတ် - ၃ သာကေတဘက်ခြမ်း ၈၃ ရာခိုင်နှုန်းခန့် ပြီးစီး

Listing Description

ရန်ကုန်    ဒီဇင်ဘာ   ၂၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှင့် သာကေတ မြို့နယ်တို့သို့ ပဲခူးမြစ်အား ဖြတ်သန်းကာဆက်သွယ်တည် ဆောက်နေသော ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃)စီမံကိန်းသည် ယခုအခါတွင် သာကေတဘက် ခြမ်းရှိ     စီမံကိန်းအပိုင်း(၃)တွင်  ၈၃ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်သည်။

အဆိုပါ စီမံကိန်း အပိုင်း(၁)နှင့်(၂)လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ ထိုတံတားကြီး ပြီးစီး သွားပါက  သန်လျင်ကျောက်တန်းဒေသရှိ သီလဝါအထူး စီးပွားရေးဇုန်ကြီး၏ ကုန်စည်စီးဆင်းမှုကို အဓိကအထောက် အကူပြုစေမည်ဖြစ်ကြောင်း တံတားဦးစီးဌာန   တံတား တည်ဆောက်ရေးစီမံကိန်းရုံးမှ သိရသည်။

အဆိုပါတံတားကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာနတံတားဦးစီးဌာနနှင့်  ဂျပန်နိုင်ငံ JICA အဖွဲ့တို့ပူးပေါင်း ကာ Consultant ဖြစ်သော ဂျပန်နိုင်ငံ Joint Venture of Nippon Koei မှ ကြီးကြပ်ဆောင်ရွက်ပြီး  ဆက်စပ်ကုမ္ပဏီ   ခုနစ်ခုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီပဲခူးမြစ်ကူးတံတားသစ်ကြီး တည်ဆောက်ရတာဟာ သန်လျင်ဘက်ကမ်းမှာရှိတဲ့ သီလဝါဆိပ်ကမ်းနဲ့    သီလဝါ အထူးစီးပွားရေးဇုန်ရဲ့  ကုန်စည်စီးဆင်းမှု အဝင်/အထွက်ကို အထောက်အကူပြုစေဖို့ ဆောင်ရွက်တာပါ။ ဒီလမ်းကြောင်းက ရန်ကုန်မြို့ပြဧရိယာကို အတိုဆုံးချိတ်ဆက်နိုင်တဲ့ လမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။ လာမယ့်နှစ်ပေါင်း ၂၀ /၃၀ မှာ သီလဝါအထူးစီးပွားရေး ဇုန်ရဲ့ ကုန်စည်စီးဆင်းမှုက ဒီထက်ပိုပြီးများလာမှာဖြစ်တဲ့အတွက်  ယာဉ်ကြီးတွေ ကုန်စည်ကို ကောင်းစွာသယ်ယူပို့ဆောင်သွားလာနိုင်စေဖို့အတွက်ကို မျှော်မှန်း ပြီး ဆောင်ရွက်တာပါ။ ဒါကို JICA ရဲ့အကူအညီနဲ့   ဂျပန်ချေးငွေနဲ့   ဆောင်ရွက် နေတာပါ။  တံတားကြီးကိုအပိုင်းသုံးပိုင်းနဲ့ခွဲပြီး တည်ဆောက်နေတာပါ။ အခုဆို သာကေတဘက်အခြမ်းမှာရှိတဲ့  Package - 3 အပိုင်းက ကုန်းပေါ်မှာလည်းဖြစ် တော့ တည်ဆောက်ရတာလည်းလွယ်တယ်။ ဒီအတွက်မှန်းထားတာထက်ကို တော်တော်လေးလုပ်ငန်းတွေက အောင်မြင်ပြီးစီးနေပါပြီ။ ကိုဗစ်ကလည်းဖြစ် ပြီး ရန်ကုန်တိုင်းမှာ Stay at Home တွေ  လုပ်လိုက်တော့ ကျွန်တော်တို့ တည်ဆောက်ရေးအပိုင်းက အနည်းငယ်ဆိုင်းသွားတယ်။ဒါပေမဲ့ အပိုင်း(၃)ရဲ့ ပြီးစီးမှုရာခိုင်နှုန်းက ရည်မှန်းချက်ထက်ကို ကျော်နေတုန်းပါပဲ။  အပိုင်း(၁)နဲ့ (၂) က ရေထဲမှာလုပ်ရတော့ နည်းပညာပိုင်းအရအတော်လေးခက်တယ်။ကိုဗစ် ကြောင့် ဂျပန်ပညာရှင်တွေ မရောက်နိုင်သေးတော့ လုပ်ငန်းပြီးစီးမှုက နည်းနေ တာပါ။ ကိုဗစ်အခြေအနေကောင်းရင်တော့ သတ်မှတ်ထားတဲ့လျာထားချက် အတိုင်း လုပ်ငန်းတွေ ပြန်ဆောင်ရွက်သွားနိုင်မှာပါ"ဟု တံတားဦးစီးဌာန ပဲခူးမြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းရုံးမှ အင်ဂျင်နီယာချုပ် ဦးထွန်းလင်း က ပြောသည်။

ယင်း ပဲခူးမြစ်ကူးတံတားသစ်ကြီးတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလတွင် စတင်ခဲ့သည်။ စီမံကိန်းအပိုင်း(၁) Package 1 သည် သန်လျင် ဘက်အခြမ်းမှစတင်ကာ PC Box Girder Bridge နှင့် Steel Box Girder Bridge အပိုင်းများပါဝင်ပြီး ရေလယ်တွင်ရှိသော စတီးလ်ကြိုးဆိုင်းတာဝါတိုင် ( Steel Cable Stayed Bridge)အစအထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအပိုင်း တွင်  သန်လျင်ကုန်းပေါ်ဘက်အခြမ်းရှိ  ဖောင်ဒေးရှင်းအပိုင်းများပြီးစီးနေပြီး မြေပေါ်သို့စတက်ကာ ကော်လံတိုင်များ ပြီးစီးနေပြီဖြစ်သည်။ ထပ်မံ၍ ချဉ်းကပ် လမ်းပိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ ထိုအပိုင်း(၁) သည် အရှည် ၁၃၁၂ မီတာရှိပြီး လက်ရှိတွင်လုပ်ငန်းပြီးစီးမှု ၄၉ ရာခိုင်နှုန်းရှိလာပြီ ဖြစ်သည်။

စီမံကိန်းအပိုင်း(၂) Package 2 သည် ပင်မတံတားအပိုင်းဖြစ်ပြီး စတီးလ် ကြိုးဆိုင်းတာဝါတိုင် ( Steel Cable Stayed Bridge)အပိုင်းများနှင့် Steel Box Girder Bridge နှင့် PC Box Girder Bridge များပါဝင်ကာ  သာကေတဘက် အခြမ်း စီမံကိန်းရုံးရှေ့ရှိ  ကွန်ကရစ်ခင်းထားသောတံတား  Embankment Toll Gate  အပိုင်းထိ ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် ရေထဲအပိုင်းတွင် PR တိုင် နံပါတ်(၆) မှ PR တိုင် (၂၂ )သာကေတဘက်ခြမ်းအထိ ပဲခူးမြစ်အတွင်း ဂျပန်နည်းပညာအတိုင်း ဖောင်ဒေးရှင်းအပိုင်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။ ထိုအပိုင်း(၂)သည် အရှည် ၁၃၆၃ မီတာရှည်ပြီး  လုပ်ငန်းပြီးစီးမှုသည် ၅၀ ရာခိုင်နှုန်းကျော်လာပြီဖြစ်သည်။ ယင်းစီမံကိန်းအပိုင်း  Package 1&2 ကို Sumitomo Mitsui Construction နှင့် Yokogawa Bridge Construction JV တို့က တာဝန်ယူဆောင်ရွက်နေပြီး တည်ဆောက်ရေးကာလ ၂၀၁၉ ခုနှစ် ဇွန်လ မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ အပြီးဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။

တံတားကြီး၏  စီမံကိန်းအပိုင်း(၃) Package - 3  သည်  လက်ရှိတွင် သာကေတဘက်အခြမ်း  သန်လျင်တံတားဟောင်း တိုးဂိတ် (ကောက်ခံရေးဂိတ်)အနီးမှ ၁၀၈ တောင်ဘုရားအနီး  သာကေတအဝိုင်းနားအထိ ခုံးကျော်ဒီဇိုင်းဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။ ထိုအပိုင်းသည်  ကုန်းပေါ်တွင်ဆောင်ရွက်ရသည့် အပိုင်းဖြစ်သောကြောင့်  လုပ်ငန်းများ  အောင်အောင်မြင်မြင်ပြီးစီးကာ မိုးပျံ တံတားအဖြစ် ရုပ်လုံးပေါ်လာပြီဖြစ်သည်။ လက်ရှိတွင် ကြမ်းခင်းလောင်းခြင်း နှင့် လက်ရန်းပိုင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ တံတားကင်းလွတ် အမြင့် ၁၈ ပေ ၊ အရှည် ၈၂၅ မီတာရှိကာ လက်ရှိတွင်လုပ်ငန်းပြီးစီးမှု ၈၃ ရာခိုင်နှုန်း ကျော်ရှိလာပြီဖြစ်သည်။ ယင်းအပိုင်းကို Tokyu Construction က တာဝန်ယူ တည်ဆောက်နေပြီး  ၂၀၁၉ ခုနှစ်  မေလမှ ၂၀၂၁ ခုနှစ် မေလတွင်   ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တံတားကြီးသည် ပင်မနှင့် ချဉ်းကပ်လမ်းအပါအဝင် စုစုပေါင်းအရှည်သည် မီတာ ၃၅၀၀ ရှိသည်။ လက်ရှိအသုံးပြုဆဲ သန်လျင်တံတားဟောင်းနှင့် ၁၂၅ မီတာ အကွာတွင် တည်ဆောက်နေခြင်းဖြစ်သည်။ ယာဉ်သွားလမ်း အသွား နှစ်လမ်း၊ အပြန်နှစ်လမ်းဖြင့်   လေးလမ်းသွားဖြစ်သည်။  ခံနိုင်ဝန်သည် ကားတစ်စီးချင်း   ၇၅ တန်ရှိသောကားကြီးများ   သွားလာနိုင်မည်ဖြစ်သည်။ ထိုတံတားစီမံကိန်းကို Japan International Cooperation Agency (JICA) ၏ ဂျပန်နိုင်ငံချေးငွေဖြင့် ဂျပန်ယန်း ၃၁ ဘီလီယံ အကုန်ကျခံကာ ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းရုံးမှ သိရသည်။

မြင့်မောင်ကျော်