ဝမ်းအိုဝမ်း ကျော်ဝင်းမောင် (၁၉၂၀-၂၀၁၂)

Listing Description

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်ကို အဖ ဦးဟာနစ်၊ အမိ ဒေါ်စိန်ညွန့်တို့မှ ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် (၁၂၈၁)ခု တပို့တွဲလပြည့်ကျော်(၁၃)ရက်၊ (၁၆၊ ဖေဖော်ဝါရီ၊ ၁၉၂၀)တွင် မွေးဖွားသည်။ ၃ လသားအရွယ်တွင် ဖခင် ကွယ်လွန်သည်။ (၃)နှစ် သားအရွယ်တွင် မိခင်ကွယ်လွန်သည်။ မောင်နှမ (၂) ယောက်ကျန်ရစ်သည်။ ဦးလေးလုပ်သူ ဦးအီဘရာဟင်က ကောက်ယူ မွေးစားခဲ့သည်။ အစ်မလုပ်သူသည် (၁၁)နှစ်အရွယ်တွင် ကွယ်လွန်သွားပြန်သည်။ ဗန်းမော်မြို့၊မိုးကုတ်၊ ကသာမြို့များတွင် ပညာသင်ကြားခဲ့သည်။

ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ကျောင်းဆင်းတဦးဖြစ်ပြီး စစ်အတွင်းက တရုတ်နိုင်ငံအခြေစိုက် အမေရိကန် ဝမ်းအိုဝမ်း (၁၀၁) လေထီး တပ်ဖွဲ့တွင် ပါဝင်ခဲ့သည့်အတွက် ဝမ်းအိုဝမ်း ကျော်ဝင်းမောင်အဖြစ် လူသိများသည်။

တော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းတွင် ဂျပန်ကင်ပေတိုင်၏ ဖမ်းဆီးနှိပ်စက်ခြင်း ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ပုံကို ၎င်းကိုယ်တိုင်ရေးသားသည့် “ဝမ်းအိုဝမ်းနဲ့ မြန်မာမြေအောက်တော်လှန်ရေး” ဆိုသည့် စာအုပ်တွင် ဖော်ပြထားသည်။

၁၉၄၆ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီအကွဲတွင် သခင်စိုး ဦးဆောင်သည့် အလံနီကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ပြီး တောခိုခဲ့သည်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။

(၁၉၆၂)ခုနှစ် ဒီဇင်ဘာတွင် ဥပဒေတွင်း ဝင်ခဲ့သည်။ ဥပဒေအတွင်းရောက်လာပြီး အမျိုးမျိုးသော အလုပ်များလုပ်ကိုင်ခဲ့သည်။ မကြာမီ စီးပွားရေးလုပ်ငန်းများ စွန့်လွှတ်က သမိုင်းပေးတာများရှိသည့်အတွက် ကလောင်ကိုင်ခဲ့သည်။ “ဝမ်းအိုဝမ်းနှင့် ဗမာ့မြေအောက်တော်လှန်ရေး" အမည်ရှိ စာအုပ်ပြုစုရင်း စာပေနယ်ထဲသို့ ဝင်ခဲ့သည်။ ရုပ်ရှင်၊ဝတ္ထု၊ ဇာတ်ညွှန်း၊ ဆောင်းပါးများနှင့် သုတေသနစာအုပ်များ ရေးသားခဲ့သည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်လှုပ်ရှားခဲ့မှုကြောင့် ၁၉၇၂၊မတ်လ၊၂၇ရက်နေ့တွင် လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့်နှင့် (၁၉၈၀)ခု မေလ(၂၈)ရက်တွင် နိုင်ငံဂုဏ်ရည် ဒုတိယအဆင့်တို့ကို နိုင်ငံတော်သမ္မတ မှ ချီးမြှင့်ခဲ့သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင် အမည်ဖြင့် ဝမ်းအိုဝမ်းနဲ့ မြန်မာအောက်တော်လှန်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ၊ ဂျပန်သုံ့ပန်း မဂိုကပြားမလေး၊ မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၊ နယ်ချဲ့ကို ဒူးမထောက်တဲ့ သခင်နက်ဖေ၊ ဘီဒီအေ လေယာဉ်ပစ် အမြောက်ကြီးတပ်၊ အလံနီတော်လှန်ရေး၏ သမိုင်းတကွေ့၊ မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့ စသည့် စာအုပ်များရေးသားခဲ့သည်။

ဝမ်းအိုဝမ်းကျော်ဝင်းမောင်သည် ၂၀၁၂.၉.၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။