မြင့်မြင့်ခင်

Listing Description

စည်သူဒေါ်မြင့်မြင့်ခင်သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ၆ ခုအား ပိုင်ဆိုင်ထားသော အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သူမအား ပရိသတ်များက ဘေဘီမြင့်မြင့်ခင် ဟူ၍လည်း ချစ်စနိုး ခေါ်ကြသေးသည်။ 

၁၉၃၄ ခုနှစ်တွင် အဖ ဦးဖိုးမြင့်၊ အမိ ဒေါ်စောကြည်တို့မှ ဒေါ်မြင့်မြင့်ခင်အား သန်လျင်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန် မိန်းကလေးကျောင်းတွင် သတ္တမတန်းကို တတ်ရောက်သင်ကြားခဲ့သည်။ 

၁၉၅၀ ခုနှစ်တွင် ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးသော မာယာရှင် အသံတိတ် ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ဝင်ရောက်လာခဲ့သည်။  ၁၉၅၇ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး ပညာသည်ဆု (အကယ်ဒမီ) ကို ချစ်ညီမ ဇာတ်ကားဖြင့်  ရရှိခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဒုတိယ အကြိမ်မြောက် အမျိုးသမီး ပညာသည်ဆုကို ဖြေလျော့ခွေ ဇာတ်ကားဖြင့် ဆွတ်ခူးရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် တတိယ အကြိမ်မြောက် မျိုးသမီး ဇာတ်ဆောင်ဆုကို မုန်းပါတယ်မောင့်ကို ဇာတ်ကားဖြင့် ဆွတ်ခူးရရှိခဲ့သည်။

၁၉၈၀ ပြည့်နှစ်၌ အမျိုးသမီး ဇာတ်ပို့ဆု (စတုတ္ထအကြိမ်မြောက် အကယ်ဒမီဆု)ကို မှတစ်ပါး အခြားမရှိပြီ ဇာတ်ကားဖြင့် ဆွတ်ခူးရရှိခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အမျိုးသမီးဇာတ်ဆောင်ဆု (ပဉ္စမအကြိမ်မြောက် အကယ်ဒမီဆု) ကို မြင်းမိုရ်တောင်ဦး မကကျူးသား ဆေးရောင်စုံ ရုပ်ရှင်ကားဖြင့်  ဆွတ်ခူး ရရှိခဲ့သည်။

ဒေါ်မြင့်မြင့်ခင်သည် သရုပ်ဆောင်မှုသာမက သီချင်းလည်း သီဆိုနိုင်သူဖြစ်သဖြင့် ရုပ်ရှင်သီချင်း များစွာကို သီဆိုခဲ့သူ ဖြစ်သည်။ ဒေါ်မြင့်မြင့်ခင်၏ သီချင်းများထဲက ဖြေလျော့ခွေ ဇာတ်ကား ဇာတ်ဝင် သီချင်းဖြစ်သော “ဧရာဝတီ”၊ “ဂျက်အေး” ဤလူ့ဘောင်တွင် ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေး တစ်ပုဒ်ဖြစ်သော “စန္ဒာ”၊ ပဏာမတေး “ရွှေမန်းဆီသို့” အစ ရှိသည့် သီချင်းများအပြင် တေးရေးဆရာ ရွှေပြည်အေး ရေးသားပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့သော “နားပန်းဆံ” သီချင်း မှာ ယနေ့ထက်တိုင် ရေပန်းစားဆဲ ဖြစ်ပါတယ်။ ထိုသီချင်းအား သူမ၏ သမီးဖြစ်သူ အမျိုးသမီး အဆိုရှင် မေဆွိ မှ ပြန်လည် သီဆိုခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့လေသည်။ ဒေါ်မြင့်မြင့်ခင်သည် သီချင်း သီဆိုနိုင်မှုကြောင့် သူနှင့်အတွဲ ညီသော စာရေးဆရာ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုကျော် ဝင်းဦးနဲ့တွဲဖက်ပြီးလည်း သီဆို ဖျော်ဖြေပွဲများမှာ သီဆို ဖျော်ဖြေခဲ့သေးပါသည်။

ဒေါ်မြင့်မြင့်ခင် ခေတ်က ဇာတ်ဝင်တေးဖြစ်သော “ချစ်သူ့နယ်မြေ”သည် ရုပ်ရှင် သီချင်းဖြစ်သော်လည်း ဓာတ်ပြား သွင်းရာတွင် ရောင်းတန်းဝင် အဆိုကျော်များဖြင့် သွင်းယူခဲ့ကြသောကြောင့် မူရင်းသီဆိုသူ ဒေါ်မြင့်မြင့်ခင် အမည်ပျောက်ပြီး ဓာတ်ပြား သီချင်းသီဆိုသူများ အမည်ဖြင့်သာ လူသိများခဲ့သည်။

သူမသည် ားသမီး ငါးယောက်ထွန်းကားခဲ့ပြီး သမီးများမှာ တင်အေးမြင့်(သီရိကေခိုင်)၊ ခင်အေးမြင့်၊ အေးအေးမြင့်၊ ဆွေအေးမြင့်(မေဆွိ)၊ လဲ့ရည်မြင့်တို့ ဖြစ်ကြသည်။ ခင်ပွန်းသည် ဦးခင်မောင်ညွန့်မှာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကွယ်လွန်သွားခဲ့သည်။