ကိုမြကြီး (၁၉၂၄ - ၁၉၉၈)

Listing Description

ဂီတလောကတွင် ကိုမြကြီးဟု ထင်ရှားကျော်ကြား လူကြိုက်များခဲ့သော နိုင်ငံကျော်တေးသံရှင် ဦးမြကြီးခေါ် ဦးမြဟန်ကို ၁၉၂၄ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့၌ အဖဦးဆင်၊ မိခင်ဒေါ်မွှေးတို့က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ရေကျော် အိုးဘိုရပ်ကွက်တွင် မွေးဖွားသည်။

အလုံမြို့နယ် ကူရှင်ကျောင်း(ယခု အထက (၄) အလုံ)တွင် ပညာသင်ကြားသည်။ ထိုကျောင်းမှ (၁၀)တန်းအောင်ပြီး တက္ကသိုလ် ဥပစာအပိုင်း(က)အထိ ပညာဆက်လက်သင်ယူခဲ့သည်။ ထို့နောက် ဝါသနာကြီးလှသော တေးဂီတလောကသို့ ခြေချသည်။ ဦးမြကြီးသည် ဂီတပညာများကို ဂီတပညာရှင် ဆရာမကြီး (ဒေါ်)မကြည်အောင်၊ ဂီတာစိမ်းမောင်၊ တက္ကသိုလ်စိုးတို့ထံတွင် စတင်ဆည်းပူးခဲ့သည်။ ထိုပုဂ္ဂိုလ်များသည် ကိုမြကြီး၏ ဂီတအနုပညာ လက်ဦးဆရာများ ဖြစ်သည်။

အစိုးရအမှုထမ်းဘဝဖြင့်လည်း ကျင်လည်ခဲ့ရာ ကောက်ပဲသီးနှံရုံးဟု ခေါ်ကြသော S.A.M.B ရုံးတွင် အငယ်တန်းအရာရှိတစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ ထို့နောက် လုပ်သက်ပြည့်ဖြင့် အလုပ်မှ အငြိမ်းစားယူ၍ ဂီတအနုပညာနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။

ပထမဆုံးပါဝင်သီဆိုခဲ့သော သီချင်းမှာ "ပန်းမဉ္စူ" သီချင်းဖြစ်သည်။ ထို့နောက် တက္ကသိုလ်စိုးရေးစပ်သော "မေ" သီချင်းဖြင့် ဂီတလောကတွင် "အဆိုတော်မြကြီး"အမည်ကို စတင်ရယူသည်။ ဆူပါဟိုက် ဓာတ်ပြားကုမ္ပဏီ၊ ပဒေသာမျိုးလှိုင် ဓာတ်ပြားကုမ္ပဏီ၊ လွတ်လပ်ရေး ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီတို့နှင့် ကိုမြကြီးသည် သူ့သီချင်းများကို ဓာတ်ပြားပေါင်းများစွာ သွင်းခဲ့ရသည်။ တေးဂီတလောကတွင် အဆိုတော် ကိုမြကြီးအဖြစ် ထင်ရှားလူသိများ ကျော်ကြားခဲ့ရာတွင် မိုး၊ မခင်နှင်းဆီ၊ မခင်းနှင်းဆီရဲ့နှင်းဆီ၊ မခင်နှင်းဆီ ဇာတ်သိမ်း၊ မေ၊နွဲ့ဆိုး၊ ရက်ကန်းသံ၊ မခင်နှင်းဆီသို့ ပေးစာ၊ ဘာပဲလုပ်ရလုပ်ရ သီချင်းများသည် အထူးကျော်ကြား လူကြိုက်များသည်။

ကိုမြကြီးသည် ၁၉၉၈ခုနှစ်၊ ဩဂုတ်လ (၉)ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။