မြင်စိုင်းမြို့ဟောင်း

Listing Description

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၏ အရှေ့တောင်ဘက် လေးမိုင်အကွာ ကျောက်ဆည် စက်မှုဇုန်အနီး တည်ရှိသည်။ နရသီဟပတေ့ (ခေါ်) တရုတ်ပြေးမင်းလက်ထက် တရုတ်တို့ ဝင်ရောက်ကျူးကျော်သည့်အခါ ပုဂံပြည်ကြီးပြိုကွဲချိန်တွင် လယ်တွင်းနယ်ရှိ မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်မြို့တို့တွင် ရှမ်းညီနောင်သုံးဦးတို့က စည်းရုံးကာ ဗဟိုအာဏာကို မြင်စိုင်းတွင် စုစည်းခဲ့ကြသည်။ မြင်စိုင်းဗဟိုအာဏာ တည်တံ့ရေးအတွက် မက္ခရာနှင့် ပင်လယ်တို့မှ အထောက်အကူပြုပေးခဲ့ကြသည်။ တရုတ်တို့ကို ရှမ်းညီနောင်သုံးဦးတို့က ဦးဆောင်တိုက်ထုတ်ပြီးနောက် သက္ကရာဇ် ၆၆၆ ခုနှစ်တွင် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်တို့တွင် အသင်္ခယာ၊ ရာဇသင်္ကြန်၊ သီဟသူ ညီနောင်သုံးဦးတို့က ထီးပြိုင်နန်းပြိုင် စိုးစံခဲ့သည်။ မြင်စိုင်းမြို့ဟောင်းအနီးရှိ တောင်တန်းများတွင် သဘာဝလိုဏ်ဂူအများအပြားရှိနေပြီး  စေတီပုထိုးပေါင်း ၈၀ နီးပါးရှိသည်ဟု သိရသည်။ ကျောက်လှိုဏ်ဂူအတွင်းရှိ ရုပ်ပွားတော်များမှာ ကျောက်နံရံရှိ ကျောက်သားကို နေရာတွင်ပင် ထွင်းထုထားသည့် လက်ရာများပင်ဖြစ်သည်။ အထူးသဖြင့်  ကျောက်ဥမင်လှိုဏ်ခေါင်း ၉ ခုရှိသည့် ရွှေဥမင်တောင်ရှိ အလယ်ဂူမကြီးတွင် နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်သည်။ စေတီပုထိုးများထဲတွင် အသစ်မွမ်းမံပြုပြင်ထားသော နန်းဦးစေတီတော်ကြီးမှာ ထင်ရှားသည်။ ယခုအခါ မြင်စိုင်းသည် မြို့ပျက်မြို့ဟောင်းဖြစ်၍ မြို့ရိုးပျက်များကို တွေ့နိုင်ပေသေးသည်။