တူဝေစေတီတော်

Listing Description

တူဝေ(ဒူဝေ)စေတီတော်သည် ကရင်ပြည်နယ်၊ ဘားအံမြို့တောင်ဘက် ခုနစ်မိုင်ခန့်အကွာ ဇွဲကပင်တောင်ခြေ၊ တောပုံကျေးရွာတွင် တည်ရှိပါသည်။ စေတီတော်မှာ အုတ်စီစေတီဖြစ်ပြီး ဉာဏ်တော်အမြင့် ၉ တောင်ရှိပါသည်။ စေတီတော်၏ သမိုင်းရာဇဝင်အရ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့်တွင် ဇွဲကပင်တောင်ခြေအနီး၌ သေဆုံးသွားသော ကရင်အမျိုးသား အကြီးအကဲတစ်ဦးအား မီးသင်္ဂြုဟ်ရာ ပြာပုံမှထူးဆန်းစွာ သခွားပင်ကြီးပေါက်လာ၍ ထိုအပင်မှ သခွားသီးတစ်လုံးသာသီးပြီး၊ ထိုအသီးမှ သူငယ်တစ်ဦး ပေါက်ဖွားလာရာ သုဝဏ္ဏဘုမ္မိ မွန်ဘုရင်က မွေးစားထားခဲ့သည်။ ထိုကလေးကို အရွယ်ရောက်သည့်အခါ သာမဏေဝတ်ပြီး သီဟိုဠ်ကျွန်းသို့ ပို့ကာ ပိဋကတ်စာပေ သင်ကြားရန် စေလွှတ်ခဲ့သည်။ သာမဏေသည် အသက် ၂၆ နှစ်အရွယ်သို့ ရောက်သည့်အခါ အာသဝေါကုန်ခမ်းသည့် ရဟန္တာဖြစ်ခဲ့သည်။ ထို့နောက်တွင် မိမိနေရပ်သို့ ပြန်ကာ သာသနာပြု၏။ ထို့ပြင် သခွားပင်ပေါက်ရာနေရာတွင် ပေါက်ရောက်နေသော ညောင်ပင်ကိုခုတ်လှဲ၍ ညောင်စောင့်နတ်အစား ကိုးကွယ်ပူဇော်ရန် သစ္စာစေတီတော် တည်ထားခဲ့သည်။ လူမျိုးအပေါင်တို့ အတူအညီခွဲဝေ၍ စိုက်ပျိုးလုပ်ကိုင်စားသောက်စေရန် ရည်ရွယ်ချက်ဖြင့် "တူဝေစေတီတော်" ဟု သမုတ်ခဲ့သည်။ တူဝေစေတီတော်တွင် ဒုံးရင်းကရင်အမျိုးသားတို့က လက်ထပ်ပြီးစ ဇနီးမောင်နှံများ ထိုစေတီကို ရှိခိုးပူဇော် သစ္စာပြုစေလေ့ရှိကြပါသည်။