သမိုင်းဝင်ရုံလေးရုံစေတီတော်များ

Listing Description

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း တည်ရှိပါသည်။ ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားရှင်များ သီတင်းသုံးခဲ့ရာ နေရာများတွင် နောင်လာနောင်သားတို့ ဖူးမြော်နိုင်စေရန် ရည်ရွယ်၍ စေတီတော်တစ်ဆူစီ တည်ထားပါသည်။ စေတီတော် လေးဆူမှာ မုန်းချောင်း၏ တောင်ဘက်တွင် သုံးဆူနှင့် မြောက်ဘက်တွင် တစ်ဆူတည်ရှိပါသည်။ ကကုသန်ဘုရားရှင် ၇ ရက်သီတင်းသုံးခဲ့သည့်နေရာတွင် တည်ထားသော ကုက္ကုဋာရုံမြို့စဖိုလ်စေတီတော်သည် ပွင့်ဖြူမြို့မှ ၇ မိုင်ခန့်အကွာ အုတ်ဖိုကျေးရွာတွင် တည်ရှိပါသည်။ ကောဏဂုံဘုရားရှင် သီတင်းသုံးခဲ့ရာနေရာ၌ တည်ထားသော မဟာဃောသိတာရုံဝိဟာရစေတီတော်သည် ပွင့်ဖြူမြို့နယ် ရွာခံကျေးရွာတွင် တည်ရှိပါသည်။ ကဿပဘုရားရှင် သီတင်းသုံးခဲ့ရာနေရာ၌ တည်ထားသော ပါဝါရုံရွှေပန်းမြိုင်စေတီတော်သည် ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာတွင် တည်ရှိပါသည်။ ဂေါတမဘုရားရှင် သီတင်းသုံးခဲ့ရာ ဂန္ဓာရုံဟုအမည်ရသည့် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်သည် ပွင့်ဖြူမြို့ ကျောင်း‌တော်ရာမြို့သစ်တွင် တည်ရှိပါသည်။ ဂေါတမဘုရားရှင်လက်ထက်တွင်ကက္ကုဋ၊ ဃောသိတ၊ ပါဝါရိကဟုအမည်ရသည့် သူဌေးကြီးသုံးဦးက ဘုရားရှင်သီတင်းသုံးရန်အတွက် ကျောင်းဆောင်သုံးဆောင် ဆောက်လုပ်လှူဒါန်းခဲ့ရာ ကက္ကုဋသူဌေးကြီးလှူဒါန်းသော ကျောင်းတော်ကို ကက္ကုဋာရုံ၊ ဃောသိကသူဌေးကြီး လှူဒါန်းသော ကျောင်းတော်ကို ဃောသိတာရုံ၊ ပါဝါရိကသူဌေးကြီး လှူဒါန်းသော ကျောင်းတော်ကို ပါဝါရုံဟု ခေါ်တွင်ခဲ့ကြပါသည်။ ဂေါတမဘုရားရှင် စန္ဒကူးကျောင်းတော်ရာတွင် သီတင်းသုံးစဉ် ရှေးယခင်ပွင့်တော်မူပြီးသော ဘုရားရှင်သုံးဆူသီတင်းသုံးခဲ့သည့် ကျောင်းတော်ရာနေရာများသို့ လှည့်လည်သီတင်းသုံးခဲ့သဖြင့် သမိုင်းဝင်ရုံးလေးရုံဘုရားများဟု ခေါ်တွင်ခဲ့ကြပါသည်။