လယ်ကိုင်းရုပ်စုံကျောင်း

Listing Description

ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့တွင် တည်ရှိသည်။ လယ်ကိုင်းရုပ်စုံကျောင်းကို မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် ဦးအံတော်နီက ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဦးအံတော်နီသည် လယ်ကိုင်းဒေသတစ်ဝိုက်တွင် ဘားဝပ်ကျောင်းကဲ့သို့သော ဘုန်းတော်ကြီးကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းများဒကာ တစ်ဦးဖြစ်သည်။ လယ်ကိုင်းရုပ်စုံကျောင်းတော်ကြီး တည်ဆောက်မှုစရိတ် ကုန်ကျငွေ ထိုခေတ် ငွေဒင်္ဂါး ၁၇ တောင်းခွဲ ကုန်ကျသည်ဟု မှတ်သားရသည်။ ဦးအန်တော်နီနှင့် ဆွေမျိုးတော်စပ်သူ ကနီသူကြီးက ကျောင်းတည်ဆောက်မည့် ကျွန်းသစ်လုံးများ သယ်ဆောင်ရန် ဆင်များကို အခမဲ့ကူညီခဲ့သည်။ ရုပ်စုံကျောင်းကြီးကို မန္တလေး ရတနာပုံနေပြည်တော်မှ မြန်မာဗိသုကာ ဆရာနှံကြီးနှင့် တပည့်များကို ငှားရမ်း၍ တည်ဆောက်ခဲ့သည်။ ရုပ်စုံကျောင်းကြီးကို ကျွန်းတိုင်ပေါင်း ၂၁၄ တိုင်ဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ပြသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီးနှင့် ဘောဂ ဆောင်တို့ဖြင့် မြန်မာဘုန်းတော်ကြီးကျောင်း အင်္ဂါပြည့်စုံစွာ တည်ဆောက်ခဲ့ပြီး လှေကားရှစ်စင်း တပ်ဆင်ထားသည်။ ယခုအခါတွင် ဆောင်မကြီးနှင့် ဘောဂဆောင်တို့ကိုသာ မြင်တွေ့ကြရသည်။ ဘုံခုနစ်ဆင့် ပြသာဒ်အသီးသီးတွင် ၅၅၀ နိပါတ်ဇာတ်စုံ ပန်းပုလက်ရာရုပ်တုများရှိပြီး ကျောင်းကြီး၏ ထောင့်နေရာများတွင် ဇာတ်ကြီးဆယ်ဘွဲ့ ရုပ်တုများရှိသည်။ လက်ရန်းပတ်လည်တွင် ဗုဒ္ဓဝင်ဇာတ်လမ်းရုပ်စုံများကို သရုပ်ဖော်ထားပြီး တစ်ခန်းနှင့် တစ်ခန်း လက်ရန်းအခန်းအဆက်အစပ် အားလုံးတွင် ဒေါင်းရုပ်များဖြင့် ဆက်စပ်ထားသည်။ ကျောင်းတော်ကြီး ပေါ်တွင် မံဘုရား တစ်ဆူကို ဖူးတွေ့ကြရသည်။