ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေး

Listing Description

ပွင့်ဖြူ       နိုဝင်ဘာ        ၂၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် ဝိုင်းမြေနေရာ ချထားပေးနိုင်ရေး ထောက်ပံ့ငွေများ လာရောက်ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများ အဖွဲ့သည်  ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် မြေနေရာရရှိရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများ အဆင်ပြေစွာ နေထိုင်နိုင်ရေး အိမ်ဝိုင်းမြေနေရာ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေများ လာရောက်ပေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအချိန်အခါသည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်၍ ပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေး နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသော ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားလိုက်နာ နေထိုင်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး က ကမ်းပါးပြိုအိမ်ထောင်စုများ အဆင်ပြေစွာ ပြောင်းရွှေ့နေထိုင် နိုင်ရေးအတွက် မြေနေရာရရှိရေးနှင့် အိမ်ဝိုင်းမြေနေရာများ စနစ်တကျ ချထားပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ကံလှကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် မြေနေရာ ၄ ဒသမ ၆၉ ဧက ဝယ်ယူရန် ထောက်ပံ့ငွေကျပ် ၄၆၉ သိန်းအား လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

၎င်းနောက် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်အိမ်ထောင်စုများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ထောက်ပံ့ငွေဖြင့် ဝယ်ယူသည့် အိမ်ဝိုင်းမြေနေရာများကို ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ခွဲဝေချထားပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)