ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အရိပ်ရပျိုးပင် ၉၇၇၅၀ စိုက်ပျိုးမည်

Listing Description

ပွင့်ဖြူ   နိုဝင်ဘာ   ၂၈

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနက မြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် အရိပ်ရပျိုးပင်ပေါင်း ၉၇၇၅၀ အကောင်အထည်ဖော်စိုက်ပျိုးဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေ ဖြင့် နှစ်စဉ် မြို့နယ်အတွင်း ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ကျေးရွာသုံး စိုက်ခင်း၊ အခြားစိုက်ခင်း၊ (အထူးစိမ်း) တစ်အုပ်တစ်မစိုက်ခင်းနှင့် (အထူးစိမ်း) တောထိန်းဧရိယာကွက်လပ်ဖြည့် စိုက်ခင်းဟူ၍ စီမံကိန်း များ ချမှတ်၍  အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယခု ဘဏ္ဍာနှစ်တွင်လည်း ရှား၊ ယူကလစ်၊ မြန်မာကုက္ကို၊ ဒဟတ်၊ ရင်းမာ၊ ဖျောက်ဆိပ်၊ တမာ၊ ပိတောက်၊ မျှင်ဝါး အစရှိသည့် အရိပ်ရ ပင်ပေါင်း  ၉၇၇၅၀ ကို   စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ အရိပ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဦးစီးအရာရှိ ဦးဇော်ထွန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ကြိုတင်၍ သစ်ပင်များ စိုက်ပျိုးရန် မြေကျင်းများ တူးဖော်ခြင်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“စိုက်ပျိုးမှုအနေနဲ့ကတော့ (၁/၂၀၂၀)ကျေးရွာသုံး စိုက်ခင်း ဧက ၁၀၀ အတွက် ယူကလစ်၊ ရှား၊ မျှင်ဝါး စုစုပေါင်းအပင်ရေ ၅၄၀၀၀ စိုက်ပျိုးသွားမှာဖြစ်ပြီး  (၂/၂၀၂၀)  အခြားစိုက်ခင်းအနေနဲ့ ဧက ၂၀ မှာ ယူကလစ်နဲ့ ရှားအပင်ရေစုစုပေါင်း ၂၄၂၀၀  စိုက်ပျိုးသွားမှာ ဖြစ်ပါ တယ်။ နောက်ထပ် (၃/၂၀၂၁) အထူးစိမ်းတစ်အုပ်တစ်မစိုက်ခင်းအနေနဲ့ တမာ၊ မြန်မာကုက္ကို၊ ရင်းမာ၊ ဒဟတ်၊ ဖျောက်ဆိပ် စုစုပေါင်း အပင်ရေ ၁၅၀၀ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်  (၄/၂၀၂၁) အထူးစိမ်းတောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ခင်းအနေနဲ့ တမာ၊ မြန်မာကုက္ကို၊ ယင်းမာ၊ ဒဟက်၊ ဖျောက်ဆိပ်၊ ပိတောက်၊ ရှား စတဲ့ အရိပ်ရပျိုးပေါင်း ၅၀၀၀ စိုက်ပျိုးသွားမှာဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်းက ပြောကြား သည်။  

ရဲဝင်းနိုင် (ပြန်/ဆက်)