မယ်ဒက်စေတီတော်

Listing Description

မယ်ဒက်စေတီတော်သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် တည်ရှိပါသည်။ သက္ကရာဇ် ၉၀၀ ကျော်တွင် အင်းဝနေပြည်တော်ကို သိုဟန်ဘွားသိမ်းပိုက်စိုးစံစဉ် တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့သည်။ ထိုအခါ မင်းကြီးရန်နောင်၏ ဆွေမျိုးများဖြစ်သော မယ်ဒက်နှင့် မယ်နဲ ညီအစ်မနှစ်ယောက်သည်တောင်ငူနယ်သို့ တိမ်းရှောင်ထွက်ပြေးကာ ပိတောက်ကုန်းရွာတွင် နေထိုင်ခဲ့ကြသည်။ ထို့နောက်မယ်ဒက်သည် တောင်ငူမြို့မှမြောက်ဖက် ပေါင်းလောင်းမြစ်နှင့် ဆက်နေသည့် မိကျောင်းအိုင်မှ သုံးမိုင်အကွာတွင် စေတီတော်တစ်ဆူတည်ပြီး "မယ်ဒက်စေတီ" ဟု တွင်ခဲ့သည်။ မယ်နဲသည်လည်း စစ်တောင်းမြစ်၏ အရှေ့ဖက် နှစ်မိုင်ခန့်အကွာတွင် ဘုရားစေတီတော်တည်ခဲ့ပြီး “မယ်နဲစေတီ” ဟု တွင်ခဲ့သည်။ ထို့နောက် ၁၂၆၇ ခုနှစ် တပေါင်းလတွင် အင်းဝမိုးထား သာသနာပိုင်ဆရာတော်ကြီး၏ တပည့်၊ ပျဉ်းမနား ဇာတိဖြစ်သော မယ်ဒက်တောရဆရာတော်သည် ဟောင်းနွမ်းပျက်စီးနေသော မယ်ဒက်စေတီကို ငုံအုပ်၍ ဖိနပ်တော် ၅၂ တောင်၊ ဉာဏ်တော် ၅၄ တောင်မြင့်သော စေတီကို တည်ထားခဲ့ပါသည်။