သိမ်ကြီးရွှေဂူ (ခေါ်) သိမ်ကြီးတောင်ဘုရား

Listing Description

မြောက်ဦးမြို့ ကွမ်းဈီး (ဈေး)တံခါး၏ အရှေ့ဘက်ရှိ ပုဏ္ဏားတောင်ခံတပ်၏အရှေ့ဘက်ပေ ၃၀ ခန့်မြင့်သော တောင်ကုန်းပေါ်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၉၄ ခုနှစ် (အေဒီ ၁၅၃၂)တွင် ဘုရင်မင်းဗာကြီးသည် မဟာသိမ်တော်ကြီးနှင့် ကျောက်လိုဏ်ဂူကြီးကို တစ်ဆက်တည်း တည်ဆောက်ခဲ့သဖြင့် သိမ်ကြီးရွှေဂူဟု အမည်တွင် ခဲ့သည်။ ကျောက်လိုဏ်ဂူ၏ ဂန္ဓကုဋီတိုက်အတွင်း၌ ဉာဏ်တော်အမြင့် ၁၁ ပေခွဲခန့်ရှိသော ကျောက်ဆင်းတုတော်ကြီးတစ်ဆူကို ကြာပလ္လင်ဖြင့် ကြည်ညိုဖွယ် ဖူးမြော်နိုင်သည်။ တောင်ကုန်း၏ မျက်နှာပြင်တွင် ၄ ပေကျော်ခန့်မြင့်သော သိမ်သမုတ်တိုင်ကြီးများကို သမုတ်တိုင်အငယ်များနှင့်အတူ ပူးတွဲလျက် ရခိုင်သိမ်သမုတ်ဟန်ဖြင့် တည်ဆောက်ထားသည်။ လက်ရှိအချိန်တွင် သိမ်တော်ကြီးနှင့် ကျောက်လိုဏ်ဂူကြီး၏ မူလအနေအထားသည် ပြိုပျက်ခဲ့သဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနမှ ရှေးမူမပျက်ပြန်လည် ပြုပြင်ထားသည်။