ပန်ကွဲတောင် ဗုဒ္ဓဥယျာဉ်

Listing Description

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တာချီလိတ်ကားလမ်း၊ ကျိုင်းတုံမြို့မှ ၁၅ မိုင်ခန့်အကွာ၊ ပန်ကွဲကျေးရွာအနီးတွင် တည်ရှိပါသည်။ အကျယ်အဝန်း ၁၀၆ ဧကရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယမုဒြာပုံစံဖြင့် အဘယရာဇမုဏိရုပ်ပွားတော်မြတ်ကြီး တည်ရှိပြီး ရုပ်ပွားတော်ကြီးသည် ရင်ပြင်တော်အကျယ် အလျား ၁၈၀ ပေ၊ အနံ ၁၅၀ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၅၄ ပေ စုစုပေါင်းအမြင့် ၇၂ ပေရှိပါသည်။ ရုပ်ပွားတော်မြတ်ကြီး၏ အောက်ခြေပလ္လင်တွင် ဗုဒ္ဓဝင်ဇာတ်တော်များကို စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်ထားရှိပါသည်။ ဥယျာဉ်တော်ကြီးအတွင်းတွင် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် အမျိုးမျိုးသောမုဒြာဟန် ဗုဒ္ဓဆင်းတုတော်များကို ဖူးမြင်နိုင်ပြီး သာသနာ့အာဇာနည်‌ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၏ အဆုံးအမကျောက်စာတိုင်များကိုလည်း တွေ့မြင်နိုင်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်ပုံစံအတိုင်း တည်ထားကိုးကွယ်ထားသော ဉာဏ်တော်အမြင့် ၁၀၈ ပေရှိ မဟာဗောဓိစေတီတော်နှင့်အတူ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနတို့ကိုလည်း ဗုဒ္ဓဥယျာဥ်တော်ကြီးအတွင်းတွင် ဖူးမြော်ကြည်ညိုနိုင်ပါသည်။