စုဖုရားလတ်ဂူဗိမာန်

Listing Description

မြန်မာနိုင်ငံသမိုင်းတွင် နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း၏မိဖုရား စုဖုရားလတ်၏ ဂူဗိမာန်သည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်မုခ်အနီး ကန်တော်မင် ဥယျာဉ်ဝင်းထဲတွင် တည်ရှိပါသည်။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် မန္တလေးနန်းတော်ကို သိမ်းပိုက်လိုက်ပြီး သီပေါမင်း၊ မိဖုရား စုဖုရားလတ်နှင့် အခြွေအရံများကို အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ပို့ဆောင်ခဲ့ပါသည်။ ၁၉၁၆ ခုနှစ်တွင် သီပေါမင်းသည် အိန္ဒိယနိုင်ငံ ရတနာဂီရိတွင် နတ်ရွာစံခဲ့ပြီး ဗြိတိသျှအစိုးရက သီပေါမင်း၏ ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ သယ်ယူခွင့်မပြုသဖြင့် အိန္ဒိယနိုင်ငံ၌ပင် သင်္ဂြုလ်ခဲ့ပါသည်။ ၁၉၁၉ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် စုဖုရားလတ်ကို မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုခဲ့ပြီး ရန်ကုန်မြို့ ယခုကိုယ့်မင်းကိုယ်ချင်းလမ်းဟု ခေါ်သော ချာလီလမ်းမှ အိမ်တစ်လုံးတွင် အစေခံများနှင့်အတူ နေထိုင်ခွင့်ရခဲ့ပြီး မန္တလေးသို့ သွားခွင့်မပြုခဲ့ချေ။ ၁၉၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက် အင်္ဂါနေ့၊ အသက် ၆၅ နှစ်တွင် စုဖုရားလတ်သည် နှလုံးရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ရာ ဆွေတော်မျိုးတော်များက မန္တလေးမြို့တွင် မြှုပ်နှံရန် ဆန္ဒရှိခဲ့သော်လည်း ဗြိတိသျှအစိုးရ ခွင့်မပြုခဲ့ဘဲ ဈာပန ကျင်းပသည့်နေ့ကို ရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့ပါသည်။ စုဖုရားလတ်၏ ရုပ်ကလပ်ကို ယခုထားရှိသော နေရာတွင် မြှုပ်နှံသည့် အခမ်းအနားသို့ သံဃာတော် အပါး ၉၀ ကြွရောက်ခဲ့ပါသည်။ ဗြိတိသျှ ဝန်ရှင်တော်မင်းကြီး ဆာဟားကုတ်ဘတ္တလာလည်း တက်ရောက်ခဲ့ကာ ရုပ်ကလပ်ကို ထီးဖြူရှစ်လက်မိုးလျက် ဂုဏ်ပြုသေနတ် အချက် ၃၀ ပစ်ဖောက်ခဲ့ပါသည်။ စုဖုရားလတ်၏ ဂူဗိမာန်အနီးတွင် ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဂူဗိမာန်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်၏ ဂူဗိမာန်တို့ကို တွေ့မြင်နိုင်ပါသည်။