တဝဂူပတ္တမြားမျက်ရှင်ဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အထက်ပစ္စယာ အရှေ့ဘက် တည့်တည့်တွင် တည်ရှိသည်။ ပတ္တမြားမျက်ရှင်ဘုရား ဟုလည်း ခေါ်တွင်လေသည်။ အလွန် ဆုတောင်းပြည့်သည်ဟု ရှေးမင်းများ လက်ထက်ကတည်းက ယုံကြည်ခဲ့ကြသည်။

မင်းမျိုးမင်းနွယ်တို့ ကြိတ်သွေးသော ဆေးရိုးကြီး ဆေးပေါင်းဖြင့် ဆင်းတုတည်ကာ ဘိုးဘိုးအောင် ဌာပနာ သောကြောင့် ဆေးရိုးကြီးဆင်းတု ဟုလည်း ခေါ်ကြသည်။ မြန်မာသက္ကရာဇ် ၁၁၅၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ တနင်္ဂနွေနေ့တွင် တည်ထားခဲ့သည်။ ဆွမ်းဦးဘုရား ဟုလည်း ဆိုစမှတ် ပြုကြသည်။ ရှေးယခင်က ဆွမ်းဦး ကပ်လှူလိုသူများသည် ရင်ပြင်ပေါ်၌ ညအိပ်၍ လေမီးဖိုများ၊ ဆွမ်းဆန်များ၊ သစ်သီးများဖြင့် အသင့်စောင့်၍ ဆွမ်းချက် ကပ်လှူကြသော်လည်း အမြဲတစေ ဆွမ်းဦးနေသည်ကို ကြုံရသည်ဟု ဆိုသည်။

ထိုဘုရားကို မျက်မြင်ကိုယ်တွေ့ ဖူးမြော်လိုလျှင် ခွင့်ပြုကတ်ပြား ပြုလုပ်ရသည်။ မှတ်ပုံတင်၊ ရဲစခန်း ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာများ ပြ၍ ဂေါပက ရုံးတွင် ကတ်ပြား ပြုလုပ်ရသည်။ ထိုကတ်ပြားကို ဗုဒ္ဓဟူး ထောင့်ရှိ လုံခြုံရေးများထံပြ၍ တက်ရောက်နိုင်ပါသည်။ စေတီအုတ်ဖိနပ်တော် အထက်တွင် တည်ရှိသောကြောင့် အမျိုးသမီးများ မတက်ရောက်နိုင်ပေ။ ယခုအခါ အများပြည်သူများ ဖူးမြော်နိုင်စေရန် မုခ်ဝ အာရုံခံတန်ဆောင်း လေးခုလုံးတွင် တဝဂူ ရုပ်ပွားတော်ကို တီဗွီကြီးများဖြင့် တိုက်ရိုက်လွှင့်၍ အပူဇော်ခံထားသည်။