ဦးသန့်ဂူဗိမာန်

Listing Description

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဦးသန့်၏ဂူဗိမာန်သည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်အနီး ကန်တော်မင်ဥယျာဉ်ဝင်းအတွင်း စုဖုရားလတ်၊ သခင်ကိုယ်တော်မှိုင်း၊ ဒေါ်ခင်ကြည်တို့၏ ဂူဗိမာန်များအနီး တည်ရှိပါသည်။ ဦးသန့်ကို ၁၉၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် သောကြာနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၌ အဖဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ဦးသန့်သည် ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး ၁၉၆၁ ခုနှစ်အထိ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်း မားရှိုးရုတ်တရက် ကွယ်လွန်ခဲ့ပြီးနောက် ဦးသန့်အား ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှစ၍ လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေညီလာခံက ယာယီ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ထို့နောက် ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်တွင် ကုလ သမဂ္ဂ အထွေထွေညီလာခံက ဦးသန့်ကို အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ပါသည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်၊ အသက် ၆၅ နှစ်တွင် ကင်ဆာရောဂါဖြင့် နယူးယောက်မြို့တွင် ကွယ်လွန်ခဲ့ကာ ကြွင်းကျန်သော ရုပ်ကလာပ်ကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး စုဖုရားလတ်သခင်ကိုယ်တော်မှိုင်းဒေါ်ခင်ကြည်တို့၏ ဂူဗိမာန်များအနီးတွင် ဂူဗိမာန်တည်ဆောက်ပြီး ထားရှိခဲ့ပါသည်။