ရွှေတိုင်ညွန့် (၁၉၀၉ - ၁၉၄၅)

Listing Description

ရွှေတိုင်ညွန့်ကို အဖ နိုင်ငံကျော် လူရွှင်တော် အနုပညာရှင်ကြီး ဦးကျင်ခဲ၊ အမိ ဒေါ်အေးမျှင်တို့မှ မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ် တန်ခူးလတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ရပ်တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ယောက် ရှိသည့်အနက် ရွှေတိုင်ညွန့်သည် သားငယ်ဖြစ်၍ အစ်ကိုဖြစ်သူ မောင်အုန်းလှိုင်မှာ နာမည်ကျော် ဇာတ်မင်းသား ကျော်အုန်းလှိုင်ဖြစ်သည်။ ရွှေတိုင်ညွန့်၏ အမည်ရင်းမှာ ကိုအုန်းဆိုင် ဖြစ်သည်။

ပတ္တလား၊ တရော၊ ဘင်ဂျို၊ မင်ဒလင်၊ ဆိုင်းဝိုင်း၊ စန္ဒရားစသည့် တူရိယာမျိုးစုံတို့ကို နိုင်နိုင်နင်းနင်း တီးတတ်သည့် အပြင်၊ သီချင်းကိုလည်း ပိုင်ပိုင်နိုင်နိုင် ဆိုတတ်သူ ဖြစ်သည်။ ငယ်စဉ်ကပင် မြန်မာမှု ကဗျာစုကို လေ့လာရန် ဝါသနာရှိသော ကိုအုန်းဆိုင်သည် ဖခင်ဖြစ်သူ၏ သင်ကြားပေးမှုဖြင့် သူကိုယ်တိုင်ပင် အငြိမ့် ဇာတ်ပွဲများ အတွက် သီချင်းများစပ်၊ သူကိုယ်တိုင် ဝင်၍ မောင်းတီး၊ တယောထိုး၊ ပတ္တလားခေါက်ယင်း ဇာတ်သဘင် လောကထဲသို့ ပဌမဆုံး ခြေစုံပစ် ဝင်ခဲ့သည်။ သီချင်းများ စ၍စပ်ဆိုကာစ ဝစန ဆရာဆိုင်ဟူသည့် နာမည်နှင့် စပ်ခဲ့လေသည်။ အငြိမ့်များအတွက် သီချင်းများ စပ်ဆို ရေးသားပေးခဲ့ရုံမက အငြိမ့်မင်းသမီးများကိုလည်း သီဆိုနည်း ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့လေသည်။ အငြိမ့်မင်းသမီး ယူနီဘာစီတီမြသန်းကြည်၊ ဝိဇ္ဇာမယ်၊ လေဘာတီ မမြရင်တို့သည် ကိုအုန်းဆိုင်၏ သီချင်းများဖြင့် နာမည်ကျော်ခဲ့သူများ ဖြစ်ကြသည်။

စပ်ဆိုခဲ့သည့် သီချင်းများမှာ မြန်မာနိုင်ငံ၏ ကျက်သရေမင်္ဂလာနှင့် သဘာဝပစ္စည်း ပြည့်စုံပုံ အကြောင်း၊ သဘာဝရှုခင်း လှပပုံအကြောင်း၊ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်တို့မှ နောင်လာနောင်သားတို့ မှတ်သားဖွယ်ရာ အကြောင်းများ အထူးသဖြင့် ပါဝင်သည်။

သူ၏ လက်စွမ်းပြဟု ဆိုရမည့် သီချင်းများမှာ ဝိစိတြာနှင့် မိဘမေတ္တာတို့ ဖြစ်သည်။ အမျိုးသားစိတ်ဓာတ် နို်းကြားရန် တိုင်းပြည်ကိုချစ်ရန် လှုံ့ဆော်သည့် နေရာ၌ ဆရာရွှေတိုင်ညွန့်၏ သခင်မျိုးဟေ့ တို့ဗမာ၊ နဂါးနီ၊ အိုလံပစ်သွားမဲ့မောင် စသော သီချင်းများသည်လည်း ထင်ရှားသည်။

ရွှေတိုင်ညွန့်သည် တစ်နှစ်လျှင် သီချင်းအပုဒ်ပေါင်း ၈ဝ ကျော် ရေးသား စပ်ဆိုခဲ့သည်ဟု ဆိုသည်။ သီချင်းစပ် အလွန်မြန်သူ အဖြစ်လည်း ကျော်ကြားသည်။ ရွှေတိုင်ညွန့် ရေးစပ်သော သီချင်းများကို အဆိုကျော် မကြည်အောင်၊ မဧမိ၊ စိန်ပါတီ၊ နဂရာမယ်မြင့်၊ ဗိလပ်ပြန်သန်း၊ ဥဩဘသောင်၊ ဂီတာစိမ်းမောင်တို့ များသောအားဖြင့် သီဆို၍ ယင်းတို့အနက် မကြည်အောင်က အများဆုံး သီဆိုခဲ့လေသည်။

၁၉၄၁-ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်သို့ ဒုတိယကမ္ဘာစစ်မီး ကူးလာသောအခါ ဆရာ ရွှေတိုင်ညွန့်သည် မြောင်းမြသို့ ပြောင်းရွေ့နေထိုင်သည်။ ဂျပန်ခေတ် တစ်လျှောက်တွင် တစတစ ကျန်းမာရေး ချို့ယွင်းလာကာ ၁၉၄၅-ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အသက်(၃၆)နှစ် အရွယ်တွင် အဆုပ်ရောဂါ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သောင်းစိန်၊ ဒေါ်တင်စိန်နှင့် သားအဆိုကျော် သီချင်းရေးဆရာ မောင်မျိုးဆက်၊ သမီး မမြရင်၊ သား မောင်တိုင်းကျော်(လူရွှင်တော်)၊ သမီး ခင်မျိုးနွယ်(အဆိုကျော်ထား)တို့ ကျန်ခဲ့သည်။