အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံ

Listing Description

အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ (အတိုကောက် အ.ထ.က(၂) ဒဂုံ၊ ယခင် အမည် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ် ၃၅၃ တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ဗဟန်းမြို့နယ်၌ စတင် တည်ထောင်သော မြန်မာနိုင်ငံ ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ထိုစဉ်က ပထမဆုံးသော မြို့မကျောင်းအုပ်ဆရာကြီးမှာ ဦးငွေဇင်ဖြစ်သည်။ ထို့နောက် မြို့မကျောင်းအုပ်ဆရာကြီးမှာ ဆရာကြီးဦးဘလွင် (၁၈၉၂-၁၉၆၈) ဖြစ်သည်။ မြို့မကျောင်းကိုဗဟန်း မြို့နယ်မှသည် လမ်းမတော်မြို့နယ်၊ လမ်းမတော်မြို့နယ်မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၆၅ ခုနှစ် ပြည်သူပိုင်သိမ်းဆည်းသည်အထိ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်း အမည်တွင် ခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် အ.ထ.က(၂) ဒဂုံ အဖြစ် တည်ရှိခဲ့သည်။ မြို့မကျောင်းသမိုင်းအစမှာ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့)တွင်မြန်မာပြည်၏ ပထမဆုံးတက္ကသိုလ်ကျောင်းသား သပိတ် ပေါ်ပေါက်လာလေသည်။ ထိုကျောင်းသားသပိတ်မှတစ်ဆင့် တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ ကျောင်း တည်ထောင်ခဲ့ကြသည်။ ထို့ကြောင့် အထက(၂) ဒဂုံ( မြို့မကျောင်း)သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ မြို့မကျောင်းကို စတင်တည်ထောင်ရာတွင် ပန်းကန်စက်ဦးသော် နှင့် ဆာဦးသွင် တို့မှ မတည်လှူဒါန်းငွေများ၊ မီးပုံးပျံဦးကျော်ရင်၏ ပါဝင်လှူဒါန်းငွေများဖြင့် ထိုခေတ်ကာလ ငွေကျပ် ၇ သိန်းကျော်ကုန်ကျခဲ့ကာ အင်္ဂလိပ်အက္ခရာ L ပုံသဏ္ဌာန် တည်ဆောက်ခဲ့သည်။ မြို့မကျောင်းသည်မြန်မာနိုင်ငံပညာရေး လောကတွင် ထင်ရှားသည်။ အထူးသဖြင့် အမျိုးသား ပညာရေးကို အင်္ဂလိပ်အစိုးရကျောင်း၊ သာသနာပြု မစ်ရှစ်ကျောင်းများနှင့် ရင်ပေါင်တန်းနိုင်ရန် မြို့မအမျိုးသား အထက်တန်းကျောင်းကြီးကို ပြုစုပျိုးထောင်ပေးခဲ့သူ မြို့မဖခင်၊ သုခမိန် တစ်ဦးအဖြစ် ဆရာကြီးဦးဘလွင်သည်ထင်ရှားသည်။ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် အထက(၂)ဒဂုံ (မြို့မကျောင်း) အား ၂၃ ခုမြောက် မြို့ပြအမွေအနှစ်အဆောက်အအုံအဖြစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခဲ့သည်။

နှစ်တစ်ရာပြည့်မြို့မအမျိုးသားကျောင်း(ဆောင်းပါး)