စက်တော်ရာစေတီတော်

Listing Description

စက်တော်ရာစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသတွင် တည်ရှိပါသည်။ ဘိုးတော်ဘုရား (ဗဒုံမင်း)၏သားတော် မိုးမိတ်မင်းသားကြီး၏ ကြင်ရာတော်ဖြစ်သူ သီရိသုမလ္လာနန္ဒာဒေဝီ၏ ကုသိုလ်တော်ဖြစ်ပါသည်။ စက်တော်ရာစေတီတော်သည်ဘေးနှစ်ဘက်နှင့် ရှေ့ပိုင်းကိုဖွင့်ထားပြီး စေတီတော်နောက်ပိုင်းကို ပိတ်ထားသည့် အုတ်ပြဿဒ်တိုက်ကြီးတစ်ခုဖြစ်သည်။ စေတီတော်အတွင်းတွင် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် စက်တော်ရာကို ဖူးတွေ့နိုင်ပါသည်။ ဘုရားရှင်၏ စက်လက္ခဏာ၁၀၈ ကွက်ကို ငါးရာ့ငါးဆယ် ဇာတ်တော်လာ ဇာတ်ကွက်များဖြင့် ဝန်းရံ ထုလုပ်ထားပါသည်။ မြတ်စွာဘုရားရှင်၏ခြေတော်ရာအား နဂါးနှစ်ကောင်ပတ်ထားပြီး အမရပူရခေတ်လယ် ရှေးဟောင်းလက်ရာတစ်ခုဟု ပညာရှင်များကသတ်မှတ်ထားပါသည်။ ဤစေတီတော်ကြီးအတွင်း၌ပင် ဘုရားရှင်ကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးထားသော ရဟန္တာမထေရ်ကြီး ၄၁ ပါး၊ ရဟန္တာမထေရ်မကြီး ၁၃ ပါး၊ ဥပါသကာ ၁၁ ယောက်၊ ဥပါသိကာမ ၁၀ ယောက်အားဖြင့် ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်ကျော် ၇၅ ဦးတို့၏ ရုပ်တုများကိုလည်း ပူဇော်ထားပါသည်။ မင်းကွန်းပုထိုးတော်ကြီး၏ အရှေ့တောင်ဘက် ကိုက် သုံးရာအကွာတွင်လည်း ဘိုးတော်ဘုရား အမရပူရမှ ပင့်ဆောင်လာသော စက်တော်ရာကို ပူဇော်ထားသော ပါဒနက်သန် စက်တော်ရာစေတီ တစ်ဆူတည်ရှိပါသည်။