မဟာစည်းခုံကြီးစေတီတော်

Listing Description

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်တွင် တည်ရှိသည်။ ဇေယျပူရ စစ်ကိုင်းပြည် ဆင်ဖြူသခင် သီဟပတိမင်းနှင့်မိဖုရား၊ စိုးမင်းကိုယ်တော်ကြီးတို့က သက္ကရာဇ် ၇၁၄ ခုနှစ် ၊ တပေါင်းလဆန်း ၁၀ ရက်၊ ကြာသပတေးနေ့တွင် တည်ထားခဲ့သည်။ မူလစေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ သံတောင် ၁၁ဝ ရှိခဲ့သည်။ သက္ကရာဇ် ၉၉၇ ခုနှစ်တွင် သာလွန်မင်းတရားကြီးကလည်းကောင်း၊ သက္ကရာဇ် ၁၁၄၇ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၉ ရက်နေ့တွင် ဗဒုံမင်းတရားကြီးကလည်းကောင်း ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ မြန်မာမင်းအဆက်ဆက်တို့ ဖူးမြော်ပူဇော်ခဲ့ကြသည့် မဟာစည်းခုံစေတီတော်ကြီးသည် နှစ်ကာလကြာမြင့်လာခဲ့သဖြင့် ရာသီဥတုဒဏ်၊ ငလျင်ဒဏ်၊ လူဆိုးလူသွမ်းတို့၏ ဖျက်စီးမှုဒဏ်တို့ကြောင့် တတိယပစ္စယာအထိ ပြိုပျက်ကာ ဘုရားပျက်၊ မြေနီအုတ်ရိုးကုန်းပမာ နှစ်ပေါင်းများစွာတည်ရှိနေခဲ့သည်။ စေတီတော်ကြီး ပြန်လည်ပြုပြင်ခြင်းကို သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ခူးလဆုတ်၉ ရက်နေ့တွင် စတင်ခဲ့ပြီး ၁၃၇၂ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်နေ့တွင် ဉာဏ်တော်အမြင့် ၁၄၆ ပေ စေတီတော်ကြီးကို ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ တင်လှူပူဇော်ခဲ့ကြသည်။