ဆူးလေစေတီ

Listing Description

ဆူးလေစေတီတော်သည် ရန်ကုန်မြို့အလယ်ဗဟို အချက်အချာကျသောနေရာ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံရာတွင် တည်ရှိနေသည့် ရန်ကုန်မြို့၏ မြို့လယ်ကျက်သရေဆောင် စေတီတော်ကြီး တစ်ဆူဖြစ်ပါသည်။ ဆူးလေစေတီတော်၏ ပရိဝုဏ် အကျယ်အဝန်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ ၃၂၂ ပေ တောင်မြောက် အလျားပေ ၂၉၁ ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော် ၁၅၁ ပေအမြင့်ရှိသည်။ သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် လောကမှန်ကင်းဆရာတော်မှ ထီးတော်ကိုပြုပြင်လှူဒါန်းခဲ့ပါသည်။ သက္ကရာဇ် ၁၉၇၄ ခုနှစ်တွင် လေမုန်တိုင်းဒဏ်ကြောင့် ထီးတော်ယိမ်းယိုင်ခဲ့သဖြင့် ၁၉၇၅ ခုနှစ်တွင် ထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခဲ့သည်။ သက္ကရာဇ် ၁၈၆၂ ခုနှစ်တွင် စစ်ကဲမောင်ထော်လေးမှ စေတီတော်အား ယခုလက်ရှိဉာဏ်တော်အမြင့်နီးနီး ပြုပြင်မွမ်းမံခဲ့သည်။ ဆူးလေစေတီတော် သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ အယူအဆအမျိုးမျိုးကွဲပြားလျက်ရှိရာ အများယူဆချက်မှာ တဖုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင် ရရှိသော ဆံတော်မြတ်များကို ဥက္ကလာပမင်းကြီးနှင့် ပြည်သူများ ရွှေတိဂုံစေတီတည်ထားရန် ကုန်းမြေနေရာရွေးရာ ယခု ဆူးလေကုန်းမြေပေါ်တွင် စုဝေးတိုင်ပင် ကြသဖြင့် နတ်လူအများစုဝေးတိုင်ပင်ရာနေရာတွင် စေတီတစ်ဆူတည်ထားပြီး စုဝေးစေတီဟု အမည်တွင်သည်။ နောင်တွင် ဆူးလေစေတီဟု ဖြစ်လာသည်ဟု ဆိုကြသည်။ အချို့မှာ စေတီတော်တည်ရာ ကုန်းမြေဝန်းကျင်တွင် ဆူးလေချုံနွယ်ပိတ်ပေါင်းများ ပေါက်ရောက်နေသည်ကို အစွဲပြု၍ ဆူးလေစေတီဟု ခေါ်ဆိုကြောင်း၊ အချို့မှာ စေတီတော်တည်သည်မှာ အသုတ်အမတ်ကြီး ဖြစ်ပြီး အမတ်ကြီးအမည်ကို အစွဲပြုလျက် ကျိုက်အသုတ်စေတီဟုလည်းကောင်း၊ အချို့မှာ မွန်ဘာသာအရ အသုတ် ဆိုသည်မှာ ဆံတော် ဖြစ်ပြီး ဆံတော်စေတီမှ ဆူးလေစေတီဟု ပြောင်းလဲလာသည်ဟူ၍လည်း ဆိုကြပါသည်။ ဆူးလေစေတီတော်မြတ်ကြီး၏ ပုံသဏ္ဍာန်မှာ ရှစ်မြောင်သဏ္ဍာန်ရှိပြီး စေတီ၏ ရင်ပြင်တော်တွင် အာရုံခံတန်စောင်းကြီး ၄ ခု၊ လှိုဏ်ဂူတော် ၃၃ ခု၊ အရံစေတီ အဆူ ၃၀၊ စေတီတော်၏ ပြခန်းတွင် ပန်းချီပုံများ၊ ဓာတ်ပုံများနှင့် ဗုဒ္ဓဘာသာနိုင်ငံအသီးသီးရှိ ဗုဒ္ဓဆင်းတုတော်ဓာတ်ပုံများကို ပြသထားပြီး စေတီတော်၏ ကျက်သရေဆောင်ခန်းမတွင် အင်းဝခေတ်လက်ရာ တံကဲတော်၊ နှောင်းခေတ်လက်ရာတံကဲတော် နှင့် ကုန်းဘောင်ခေတ်လက်ရာတံကဲတော်များစသည့် ခေတ်အလိုက်လက်ရာများဖြင့်ပြုလုပ်ထားသော ပလ္လင်တော်များကိုလည်း တွေ့မြင်လေ့လာမှတ်သားနိုင်ပါသည်။ ထို့ပြင် ဆူးလေစေတီတော်နှင့်အတူ ဆူးလေဘိုးဘိုးကြီးမှာလည်း ထူခြားထင်ရှားပြီး သမိုင်းတွင် ပွင့်တော်မူပြီးသော မြတ်စွာဘုရားလေးဆူကို မှီသော သူတော်စင်နတ်ကြီးဟူ၍ အများကယုံကြည်ကြပါသည်။