ဗဟိုမီးသတ်စခန်း

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ဗဟိုမီးသတ်စခန်းအဆောက်အအုံသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံစာရင်းဝင်ဖြစ်ပါသည်။ အဆောက်အအုံ၏ ဗိသုကာလက်ရာမှာ အက်ဒွပ်ခေတ်ဗိသုကာလက်ရာဖြစ်ပြီး ပေ ၁၀၀ အမြင့်ရှိ မျှော်စင်ကြီးလည်း ပါရှိသည်။ ၁၈၈၃ ခုနှစ်တွင် စိန့်ပေါလ်နှင့် စိန့်ဂျွန်းကျောင်းမှ ကျောင်းသားများ ပါဝင်လုပ်အားပေးသော ရန်ကုန်၏ ပထမဆုံး မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယခင်က မီးသတ်ရန်အတွက် လူအင်အားဖြင့် ရေငင်ရာမှ မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းသော နှစ်တွင်ပင် မြင်းဖြင့်ဆွဲသော ရေနွေးငွေသုံးအင်ဂျင်ဖြင့် မီးငြိမ်းသတ်သည့်စနစ်ကို ပြောင်းလဲအသုံးပြုခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် လုပ်အားပေးမီးသတ်တပ်ဖွဲ့ကို မီးသတ်သမားများဖြင့် ဖွဲ့စည်းထားသော အချိန်ပြည့်လခစားမီးသတ်တပ်ဖွဲ့ဖြင့် အစားထိုးခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် မြူနီစီပယ်အဖွဲ့ က မီးသတ်စခန်းတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ပြီး ဆူးလေဘုရားလမ်းပေါ်ရှိ မြေကွက် တစ်ကွက်အား တန်ဖိုး ရူပီး ၄၀̦၀၀၀ (၂၀၁၄ခုနှစ် ငွေလဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာ ၁၆၂၈၀ခန့်) ဖြင့် ဝယ်ယူခဲ့ကာ ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ဗဟိုမီးသတ်စခန်းအတွက် နေရာထိုင်ခင်း ပိုမိုလိုအပ်လာခြင်းကြောင့် ဘေးကပ်လျက်တွင် တည်ရှိသော ဟံသာဝတီပုံနှိပ်တိုက်နေရာကို ငွေနှစ်သိန်း (၂၀၁၄ ခုနှစ် ငွေလဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာ ၄̦၈၀၀ ခန့်)ဖြင့် ပေးချေကာ ဝယ်ယူခဲ့သည်။ ယနေ့အခါတွင် အဆိုပါ မီးသတ်စခန်းအဆောက်အအုံသည် ရန်ကုန်မြို့ တွင် မူလအသုံးပြုသည့် ပုံစံအတိုင်း ဆက်လက်အသုံးပြုနေဆဲဖြစ်သည့် သက်တမ်းအရှည် ဆုံး အဆောက်အအုံတစ်လုံးအဖြစ် တည်ရှိနေပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အဆိုပါအဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)မှ မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။