ဧမာနွေလဘုရားကျောင်း

Listing Description

ဧမာနွေလနှစ်ခြင်းဘုရားကျောင်းသည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး ရန်ကုန်မြို့ရှိ ရှေးအကျဆုံးသော ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းများမှ တစ်ခုဖြစ်သည်။ ဧမာနွေလ ဘုရားကျောင်းကို အမေရိကန်သာသနာပြုအဖွဲ့မှ ၁၈၈၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်း ပျက်စီးခဲ့ရာ ၁၉၅၂ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ၁၉၆၅ မတိုင်ခင်အထိ ဘုရားကျောင်း၏ သင်းအုပ်ဆရာကို အမေရိကန်နှစ်ခြင်းခရစ်ယာန် အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့( American Baptist International Ministries)မှ စေလွတ်ခဲ့ခြင်းဖြစ်သည်။ ယခင်က ထိုအသင်းကို အမေရိကန်နှစ်ခြင်းခရစ်ယာန် နိုင်ငံရပ်ခြား သာသနာပြုအသိုင်းအဝန်း(American Baptist Foreign Mission Society)ဟု ခေါ်ကြသည်။ ထိုသာသနာပြုအဖွဲ့၏ ဦးဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သော အဒိုနီရမ် ယုဒသန်သည် မြန်မာနိုင်ငံတွင် ၁၈၁၃ ခုနှစ်မှ ကွယ်လွန်ချိန် ၁၈၅၀ ခုနှစ်အထိ နေထိုင်သွားခဲ့သည်။ ယခုအခါ ဘုရားကျောင်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်သော ရန်ကုန်မြို့ပြအမွေအနှစ်စာရင်းတွင် ပါဝင်ခဲ့သည်။ ၁၉၆၀ ခုနှစ်များဆီတွင် ဘုရားကျောင်းတွင် ဝတ်ပြုသူပရိသတ် ၉၀ ရာနှုန်းကျော်သည် မြန်မာလူမျိုးများဖြစ်ပြီး ထိုအထဲတွင် အင်္ဂလိပ်-မြန်မာနှင့် အင်္ဂလိပ်-အိန္ဒိယ လူမျိုးအချို့လည်း ပါဝင်ခဲ့သည်။ လက်ရှိတွင် အင်္ဂလိပ်/ မြန်မာ/ ကရင်/ တေလဂူ/ တရုတ်/ လီဆူ/ ရှမ်း ဘာသာ ၇ မျိုးဖြင့် ဝတ်ပြုလျက်ရှိပါသည်။ အထက်ပင်မဆောင် - ၆နာရီခွဲ မှ ၇နာရီခွဲ ( အရုဏ်ဦးဝတ်ပြုခြင်း)/ ၈နာရီခွဲ မှ ၉နာရီခွဲ အင်္ဂလိပ်အသင်းတော်/ ၁၀ နာရီမှ ၁၁ နာရီ ကရင်အသင်းတော်/ ၁၁နာရီခွဲမှ ၁၂နာရီခွဲ တေလဂူအသင်းတော်/ ၁နာရီမှ ၂နာရီ တရုတ်အသင်းတော်/၄နာရီ မှ ၆နာရီအထိ မြန်မာအသင်းတော်တို့ ဝတ်ပြုကြပါသည်။ အောက်ထပ်ဝတ်ပြုဆောင်တွင် ၉နာရီခွဲမှ ၁၁ နာရီ လီဆူအသင်းတော်/ ၁၁နာရီခွဲမှ ၁၂နာရီခွဲ ရှမ်းအသင်းတော်/ ၁နာရီခွဲမှ ၂နာရီခွဲ လူငယ်ဝတ်ပြုခြင်း တို့ ရှိပါသည်။ နံနက်တိုင်း ၆နာရီခွဲမှ ၇နာရီခွဲအထိ အရုဏ်ဦး ဝတ်ပြုခြင်းနှင့် ပွဲတော်မင်္ဂလာ ရှိပါသည်။