ကျောက်ဆည်မြို့နယ်၌ ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ အသစ်တစ်လုံး တိုးချဲ့ဆောက်လုပ်ပြီးစီး

Listing Description

ကျောက်ဆည် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် ခရိုင်လျှပ်စစ်မန်နေဂျာရုံး ကြီးကြပ်မှုဖြင့် ဟံမြင့်မိုရ်ကျေးရွာအနီး မင်းစု-ဟံမြင့်မိုရ် ကျေးရွာချင်းဆက် လမ်းဘေးတွင် ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ်တစ် လုံး တိုးချဲ့ဆောက်လုပ်သဖြင့် ပြည်သူ များ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျောက်ဆည် မြို့နယ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရာတွင် ကြက်မင်း တွန် ရပ်ကွက်ရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံနှင့် ငှက္ကတောင်ရပ်ကွက် ရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံနှစ်ရုံမှ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေး လျက်ရှိရာ မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများ၌ လျှပ်စစ်မီးသုံးစွဲရာတွင် ဗို့အားပြည့်ဝစွာ မသုံးစွဲနိုင်ခြင်း၊ ဓာတ်အား ပြတ်တောက်ခြင်းများ မကြာခဏဖြစ်ပေါ်လျက်ရှိရာ မြို့နှင့် အလှမ်းကွာဝေးသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင် ရေးအတွက် ခရိုင်လျှပ်စစ်မန်နေဂျာရုံး ၏ ကြီးကြပ်မှုဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ် ၉၀၆ သန်းကျော် အကုန် အကျခံပြီး ဟံမြင့်မိုရ်ကျေးရွာ အနီး တွင် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၂ မိုင်၊ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ၊ ၁၁ ကေဗွီ လိုင်း(၁)မိုင် အသစ်တစ်ခု ဆောက်လုပ်ပြီး ဓာတ်အားများ စတင်ဖြန့်ဖြူးလိုက်ခြင်း ဖြစ်သည်။

ကျောက်ဆည်ခရိုင်တွင် လျှပ်စစ် ဓာတ်အားသုံးစွဲသူ အိမ်ထောင်စု ပေါင်းတစ်သိန်းနှစ်သောင်းကျော်ရှိပြီး ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၇ အုပ်စု၊ ကျေးရွာပေါင်း ၂၂၃ ရွာ ရှိရာ လျှပ်စစ်ဓာတ်အား သုံးစွဲသူ အိမ်ထောင်စုပေါင်း ၄၂၅၅၇ စု ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)