ကျောက်ဂူဥမင်ဘုရား

Listing Description

ကျောက်ဂူဥမင်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ပုဂံတွင် ကျောက်အုတ်များဖြင့် တည်ဆောက်ထားရှိသော အဆောက်အအုံလေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ နံရံအပေါ်ပိုင်းတွင် ဘီလူးပန်းဆွဲတန်း၊ နံရံအောက်ပိုင်းတွင် ရွက်ချွန်းပုံ ပန်းထောင်များ၊ အဝင်မုခ်ဝ ဝဲယာတို့တွင် အောက်ခြေ၌ ကုမ္ဘဏ်ပုံများနှင့် ကြာပန်းများကြားတွင် ကိန္နရီ ကိန္နရာပုံ၊ ခြင်္သေ့၊ ကျား၊ သမင်၊ ယုန်၊ နတ် စသောပုံများပါ ကျောက်အုတ်များစီပြီး ထွင်းထုထားသည်ကို တွေ့ရှိနိုင်ပါသည်။ အာရုံခံရှိ တိုင်မကြီးများ၏ အခြေပတ်လည်တွင်လည်း ကျောက်ပန်းခက်ကြီးများကို လှပစွာ ထွင်းထုထားပါသည်။ ကျောက်ဂူဥမင်တွင်ရှိသော ကျောက်စာအရ နရပတိစည်သူမင်း (အေဒီ-၁၁၆၅-၁၂၁၁) လက်ထက် ကျောက်ဂူဥမင်တွင် သခင်ထံပါ (ဓံပါ- ဓမ်ပါလ်-ဓမ္မပါလ်) သီတင်းသုံးလျက် ရှိကြောင်း၊ နရပတိစည်သူမင်းသည် အေဒီ ၁၁၈၈ တွင် သခင်ထံပါ၏ဘုရား၌ ကျွန်များလှူဒါန်းခဲ့ကြောင်း သိရပါသည်။ ဥမင်၏လက်ရာနှင့် ကျောက်ဆင်းတုစသည်များကိုထောက်၍ နရပတိစည်သူ မင်းကြီးလက်ထက် ထက်စော၍ ဤအဆောက်အအုံရှိနေမည်ဟု ခန့်မှန်းကြပါသည်။ ကျောက်ဥမင်မှာ သဲကျောက်ကမ်းပါးယံကြီးကိုမှီပြီး တည်ဆောက်ထားသည်။ အောက်ပိုင်းတွင် ကျောက်အုတ်များဖြင့် တည်ထားပြီး အပေါ်ပိုင်းအဆင့်နှစ်ဆင့်တွင် ရိုးရိုးအုတ်များဖြင့် စီထားရှိသည်။ နောက်ဘက်တွင် အလျား‌ပေ ၅၀၀ ခန့်ကို အကွေ့အကောက် ဝင်္ကပါများဖြင့် သဲကျောက်နံရံကို ထွင်းဖောက်ကာ ဥမင်လိုဏ်ခေါင်းများနှင့် တရားအားထုတ်ရန် အခန်းငယ်များ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ ကျောက်ဂူဥမင်တွင် နံရံဆေးရေးပန်းချီနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ လေ့လာနိုင်သည်။ အောက်ထပ် ခန်းမဆောင်ကြီးသည် အနည်းငယ် မှောင်သည်။ လေးဆယ့်နှစ်ပေ ကျယ်၍ နောက်ဘက်တွင် နှစ်ဆယ့်ငါးပေ ရှိသည်။ ထိုခန်းမဆောင်အတွင်း အလျား ဆယ့်ရှစ်ပေ၊ အနံ ဆယ့်နှစ်ပေ၊ အမြင့် ကိုးပေ ရှိသော ကြာပလ္လင်ထက်၌ အဝင်မုခ်ဝကို မျက်နှာမူလျက် ဘူမိဖဿမုဒြာ လက်အနေအထားဖြင့် တင်ပျဉ်ခွေထိုင်နေသော ဆင်းတုတော်ကြီး တစ်ဆူရှိသည်။ ကျောက်ဂူဥမင် အတွင်းရှိ ပဓာနဗုဒ္ဓရုပ်ပွား ဆင်းတုတော် ကြီး ရှိသည့် ဂန္ဓကုဋီတိုက် နံရံ အောက်ပိုင်းတွင် နံရံ ဆေးရေး ပန်းချီများ ရှိသည်။ ဆင်းတုတော်ကြီးရှေ့တွင် ဂူ၏ အာရုံခံ ခန်းမကြီးကို သုံးဆယ့်နှစ်ပေ မြင့်သော ကြီးမားသော ကျောက်အုတ်စီ တိုင်မကြီး နှစ်ခုက ထောက်ထားပြီး အမိုးပေါင်းကူးဒေါက်အဖြစ် တည်ရှိသည်။ ယင်းတို့၏ အောက်ခြေ ပတ်လည်တွင် အလွန်လှပသော ကျောက်ပန်းခက်များ ထွင်းထားသည်။ ကျောက်ဂူ တိုက်မအတွင်း အရှေ့၊ အနောက်နှင့် မြောက်နံရံတွင် နံရံမုခ် ကပ်သုံးတန်း ရှိပြီး နံရံမုခ်ကပ် ၄၉ ခု ရှိသည်။ ထိုနံရံမုခ်ကပ်များတွင် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ နှင့် ဗုဒ္ဓဝင်ခန်း ဆိုင်ရာ ကျောက်ဆစ်ရုပ်ထု များရှိသည်။ ဗုဒ္ဓရုပ်ထုများတွင် ခမည်းတော် သုဒ္ဓေါဒန မင်းကြီး လယ်ထွန် မင်္ဂလာပြုစဉ် ဘုရားလောင်း သိဒ္ဓတ္တ မင်းသားဇဗ္ဗူ့ သပြေပင်ရိပ်တွင် နေပုံ၊ မုစလိန္ဒာ သတ္တဟ စံနေပုံ၊ ဘုရားလောင်း ဒုက္ကရ စရိယာ ကျင့်စဉ်၊ နတ်တို့က နားရွက်မှ ဩဇာသွင်းပုံ ကျောက်ဆစ် လက်ရာများကို လေ့လာနိုင်သည်။ ကျောက်ဂူဥမင်၏ အဝင်မုခ် လက်ဝဲလက်ယာ ထောင့်ချိုးများတွင် အလွန်လှပသော ကျောက်ဆစ်လက်ရာ ဘီလူးရုပ်၊ မိန်းမရုပ်၊ ကြာပန်းများ အကြား ကိန္နရီ ကိန္နရာရုပ်၊ နတ်ရုပ်၊ ခြင်္သေ့၊ ကျား၊ သမင်၊ ယုန်ရုပ်များကို ကျောက်အုတ် များစီ၍ ထွင်းထု ထားရှိပါသည်။