သီရိမင်္ဂလာကမ္ဘာအေးစေတီတော်

Listing Description

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းတွင် တည်ရှိသည်။ ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော သာသနာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် သီရိပျံချီဦးသန်းစိန် ပါဝင်သည့် သာသနာရေးခေါင်းဆောင်ပုဂ္ဂိုလ်ကြီးများ စုပေါင်း မတည်ကာ အရပ်ရပ်ကုသိုလ်ရှင်များ၏ အလှူငွေများဖြင့် တည်ထားသော စေတီတစ်ဆူ ဖြစ်သည်။ စေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၁၁၇ ပေ ၆ လက်မဖြစ်သည်။ စေတီတော်ကြီးမှာ သံထုတ်တန်းကြီးများဖြင့် အတွင်း၌ လိုဏ်ဂူသဖွယ် ဌာပနာတိုက်ကို အုံထပ်၍ တည်ထားသည်။ ဘုရားအတွင်းတွင် အလယ်ဌာပနာတိုက်ကိုပတ်၍ ပွင့်တော်မူပြီးသော ဗုဒ္ဓမြတ်စွာဘုရားလေးဆူတို့၏ ဆင်းတုတော်များ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ လိုဏ်အတွင်း ဌာပနာတိုက်ပတ်လည်အထက် အဆင့်တွင်မူ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ရုပ်တုတော်များကို ထိုဘုရားရှင်တို့ ပွင့်တော်မူရာ ဗောဓိပင်နှင့်တကွ ထားသည်။ မုခ်ဝများတွင်လည်း စကြာပုံတောင်းသဏ္ဌာန်နှင့် ကြာပွင့်ကြာဖူးသဏ္ဌာန်များကို သာသနာတော် ရိပ်မြုံအဖြစ် ပုံဖေါ်ထားလေသည်။ ကမ္ဘာအေးစေတီတော်အနီးတွင် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်နေ့၌ ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ပွဲ ကျင်းပခဲ့သည့် မဟာပါသဏလိုဏ်ဂူကြီး ရှိပါသည်။ စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလတွင် ကျင်းပလေ့ရှိပါသည်။