ပါဒကြီးငါးထပ်ကြီးဘုရား

Listing Description

ပါဒကြီးငါးထပ်ကြီးဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာတွင် တည်ရှိသည်။ ဆရာတော်ဦးကုသလ သီတင်းသုံးရာ ပါဒကြီးကျေးရွာ ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်ရန် ပါဒကြီးကျေးရွာသူကျေးရွာသားများမှ ရန်ကုန်မြို့ ငါးထပ်ကြီးရုပ်ပွားတော်မြတ်ကို ထုဆစ်ပူဇော်သူ ပန်းရံဆရာကြီးဦးညှက်အားငှားရမ်း၍ သက္ကရာဇ် ၁၂၆၈ ခုနှစ် တော်သလင်းလဆန်း ၁၀ ရက်နေ့တွင် စတင်တည်ထားခဲ့ပါသည်။ ပလ္လင်တော်မှ ခါးအထက်ပိုင်းအထိ ရောက်သောအခါ အလျား ၂ ပေ၊ အနက် ၁၈ လက်မရှိသော ဌာပနာတိုက် ပြုလုပ်ပြီး များစွာသော ဓာတ်တော် မွေတော်များ၊ ပတ္တဌာန ရုပ်ပွားတော်အစုံနှင့် ငွေသပိတ်၊ ငွေဒင်္ဂါးများ ဌာပနာခဲ့ပြီး ၁၂၆၉ ခုနှစ် ကဆုန်လဆန်းတွင် ရုပ်ပွားတော်ကြီး အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ရုပ်ပွားတော်ကြီးသည် ဉာဏ်တော်အမြင့် ၄၀ ပေ ၈ လက်မ၊ ပလ္လင်တော်အလျား ၃၃ ပေ ၁၁ လက်မ၊ ပလ္လင်တော်အနံ ၂၀ ပေ ၁၁ လက်မ၊ ပလ္လင်တော်အမြင့် ၄ ပေ ၆ လက်မရှိပါသည်။ ပါဒကြီးငါးထပ်ကြီးဘုရား၏ တောင်ဘက် တစ်ဖာလုံခန့်အကွာတွင် ဘက်စုံပြုပြင်တည်ဆောက်ထားသော ကျိုက်ပါဒကြီးဆံတော်ရှင်စေတီမှာ ပါဒနိုင်ငံတော် ထွန်းလင်းစဉ်က ပါဒဘုရင်များ တည်ထားခဲ့သည့် စေတီတော်ဖြစ်ပြီး ရှေးယခင်က ကျိုက်စောရှင်စေတီတော်ဟု ဘွဲ့တော်ရှိခဲ့ကြောင်း သိရပါသည်။