ကျိုက်ပြသာဒ်တနော်စေတီတော်

Listing Description

ကျိုက်ပြဿဒ်တနော်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့ ကမ်းနားလမ်းတွင် တည်ရှိပြီး ကမ်းနားဘုရားကြီးဟုလည်း ထင်ရှားပါသည်။ စေတီတော်၏ သမိုင်းအဆိုအရ ပါဒမင်းဆက်၏ ၇ ဆက်မြောက်မင်းဖြစ်သည့် ဇယသေနမင်း၏ မိဖုရားတစ်ပါးဖြစ်သော မိတနော်မှ တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုပါသည်။ ဇေယျသေနမင်း အိမ်နိမ့်စံဘဝတွင် မိတနော်၊ မိတနွံ နှင့် နှင်းကေသရာ ဟူ၍ ဇနီးသုံးယောက်ရှိရာ ဇေယျသေနမင်းနန်းတက်သောအခါ မိတနော်သည် မိဖုရားကြီးရာထူးရမည်ဟုမျှော်လင့်ထားသော်လည်း ဇေယျသေနမင်းသည် ယိုးဒယားဘုရင် ပရာ့နရေဆုအင်မှဆက်သသော ယိုးဒယားမင်းသမီး ဆွဏ္ဏဒေဝီအား လက်ရှိမိဖုရားသုံးပါးကို ကျော်လွန်ပြီး မိဖုရားကြီးရာထူးချီးမြှင့်သဖြင့် မိဖုရားမိတနော်မှ မိမိသည်သံသရာတွင် ထိုသို့သော သိမ်ငယ်မှုမျိုးမကြုံရစေရန် ရည်စူး၍ ကောင်းမှုစေတီတစ်ဆူတည်ထားခဲ့ပြီး စေတီတော်၏ ဘွဲ့အမည်ကိုလည်း ကျိုက်ပြသာဒ်တနော်ဟူ၍ အမည်တွင်စေခဲ့ပါသည်။ မူလစေတီတော်မှာ ဉာဏ်တော် ၁၅ တောင်မြင့်ပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြသဖြင့် လက်ရှိစေတီတော်ကို ဉာဏ်တော်အမြင့် ၈၆ ပေရှိ စေတီတော်အဖြစ် ဖူးမြော်မြင်တွေ့ရပါသည်။ ကျိုက်ပြသာဒ်တနော်စေတီတော်သည် ကျိုက်မှော်ဝန်းစေတီတော်(ကျောက်တန်းရေလယ်ဘုရား)၏ မြောက်ဘက်ကမ်းနဖူးတွင် တည်ရှိသဖြင့် ကျိုက်ပြသာဒ်တနော်စေတီတော်ရင်ပြင်မှ မှော်ဝန်းချောင်းလယ်ရှိ ကျိုက်မှော်ဝန်းရေလယ် စေတီတော်သို့လည်း လှမ်းမြော်ဖူးတွေ့နိုင်ပါသည်။