ဓာတ်ပေါင်းစုံစွာရွှေဘုံသာ စေတီတော် (မီးပြစေတီ)

Listing Description

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ မီးပြကျေးရွာတွင် တည်ရှိသည်။ စေတီတော်သည် ပင်လယ်နှင့်မေးတင်လျက်တည်ရှိပြီး ကုန်းမြေနှင့်စေတီအကြား ခင်းထားသော အုတ်တံတားမှ မိနစ်အနည်းငယ်ဖြတ်လျှောက်ကာ သွားရောက်ဖူးမြော်နိုင်သည်။ မူလ ၁၂၈၀ ပြည့်နှစ်က မီးပြရွာတွင် ဉာဏ်တော် ၉ တောင်ခန့်ရှိသော “ရွှေဘုံသာ၊ အောင်တော်မူ၊ မြသာ၊ တဝဂူ၊ ဟင်္သာမင်း၊ ပတ္တမြား၊ သုဝဏ္ဏ၊ မင်္ဂလာ၊ သတ္တဌာန” ဟုဆိုသော စေတီတော် ၉ ဆူရှိခဲ့သည်။ ထိုစေတီများထဲမှ စေတီ ၈ ဆူ ပျက်စီးလုနည်းပါးဖြစ်သွားချိန်၌ ယိုယွင်းမှု အနည်းဆုံးအဖြစ် ကျန်ရှိသော ရွှေဘုံသာစေတီတော်ကိုသာ ကျောင်းထိုင်ဆရာတော် ဦးဆောင်မှုဖြင့် ကျန်ရှိသော စေတီ ၈ ဆူထဲရှိ ဓာတ်တော်ဌာပနာများကို စုပေါင်း၍ ၁၃၈၂ ခုနှစ်တွင် ဉာဏ်တော် ၃၆ တောင်ရှိ ရွှေဘုံသာစေတီကို ပြန်လည်ပြုပြင် တည်ထားခဲ့သည်ဟု သိရသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်ကျော် ၂ ရက်နေ့မှ ၃ ရက်နေ့အထိ စည်ကားစွာ ကျင်းပလေ့ရှိသည်။