မြနန္ဒာကျောက်ထီးဘုရား (ခ) ဗိုလ်ချိုဘုရား

Listing Description

ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အမှတ် (၂) ဆေးကုန်းရပ်တွင် တည်ရှိပါသည်။ မျိုးချစ်သူရဲကောင်း ပုဂံဗိုလ်ချို မှာကြားချက်ဖြင့် ၁၉၁၃ ခုနှစ်တွင် တည်ထားသော ဘုရားဖြစ်ပြီး ဘုရား၏ အရှေ့တောင်ထောင့် မုခ်ဦးအထက်တွင် ပုဂံဗိုလ်ချို မျက်နှာပုံတူကို အင်္ဂတေပန်းများကြားတွင် ပညာသားပါပါ ထည့်သွင်းပုံဖော်ထားသည်။ ပုဂံဗိုလ်ချိုနှင့်အတူ သားများဖြစ်သော ဗိုလ်ဖိုးဆင်၊ ဗိုလ်ဖိုးဝင်တို့အဖွဲ့မှာ အင်အားနည်းပါးချိန် ဗျုဟာပြောင်းကာ ယော-ဆောနယ်ဘက်မှ တော်လှန်ရေးအင်အားစုနှင့် ပူးပေါင်းကာ တော်လှန်ရန် ပုဂံဘက်သို့ ဆုတ်ခွာလာစဉ် အမျိုးသားသစ္စာဖောက်များကြောင့် သီရိပစ္စယာရွာ၏တောင်ဘက်ရှိ ဂူပြောက်ဘုရားတစ်ဆူအနီးတွင် အင်္ဂလိပ်တို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ယင်းဂူပြောက်ဘုရားကိုလည်း ဒေသခံတို့က ယခုအချိန်အထိ ဗိုလ်ချိုမိဂူပြောက်ဘုရားဟု ခေါ်တွင်ကြသည်။ ဗိုလ်ချိုနှင့် သားနှစ်ယောက်အား ယခုစေတီတော်တည်ရှိရာ မြနန္ဒာကန်ထိပ်တွင် ကြိုးပေးကွပ်မျက်ခဲ့ရာ ကြိုးမပေးခင် ဗိုလ်ချိုသည် သူ၏ငယ်သူငယ်ချင်း ဦးမြင့်လှိုင်အား တော်လှန်ရေးရန်ပုံငွေများ၊ ဒင်္ဂါးများ မြှုပ်နှံထားခဲ့ရာနေရာ များအားပြောပြ၍ တူးဖော်ဘုရားတည်စေရန်မှာကြားခဲ့ရာ ဦးမြင့်လှိုင်က စေတီတော်လုံးပတ်တော်၊ ထီးတော်၊ ရင်ပြင်တော်၊ တံတိုင်းအားလုံးကို ကျောက်သားစစ်စစ်ဖြင့် တည်ထားခဲ့သည့်အတွက် မြနန္ဒကျောက်ထီးဘုရားဟု ဘွဲ့တော်အမည်ခေါ်တွင်ခဲ့ပါသည်။ လက်ရှိကာလအထိ သူရဲကောင်း ပုဂံဗိုလ်ချိုမျက်နှာပုံတူကို မြနန္ဒာကျောက်ထီးဘုရားတွင် လေ့လာနိုင်သကဲ့သို့ စေတီတော်အနီးတွင်လည်း ဗိုလ်ချိုပုံတူ ကြေးသွန်းရုပ်တုကိုလည်း လေ့လာမြင်တွေ့နိုင်ပါသည်။