မောင်နီမှိုင်း(ကျောက်တန်း)

Listing Description

စာရေးဆရာ၊ ကဗျာဆရာမောင်နီမှိုင်းကို ဖခင် ဦးသာဇီ၊ မိခင် ဒေါ်တင်ညိုတို့မှ ၁၉၅၇ ခုနှစ်၊ ဩဂုတ်လ (၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၁)ယောက်အနက် (၆)ယောက်မြောက် သားဖြစ်သည်။ အမည်ရင်းမှာ ဦးသောင်းဝင်း ဖြစ်သည်။

ငယ်စဉ်က အမက(ကန်ပြောင်)၊ အလက(ပျဉ်းမကန်)၊ အထက(၁) (သန်လျင်)နှင့် အထက(ကျောက်တန်း)တို့တွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှာပင် ဖလင်စတားစာ‌စောင်တွင် ကဗျာများစတင်ရေးသားခဲ့သည်။

ကမ္ဘာ့ကြက်ခြေနီနေ့၊ တပ်မတော်နေ့ နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ (ကဗျာပြိုင်ပွဲ)များတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့် အထူးဆု (၁၂)ကြိမ်၊ ဝတ္ထုတို အထူးဆု (၁)ကြိမ် ရရှိခဲ့သည်။

"အမေနေတဲ့ရွာကလေးနှင့် အခြားကဗျာများ" ဖြင့် ၂၀၀၇ခုနှစ်၊ စာပေဗိမာန်စာမူဆု (ကဗျာပေါင်းချုပ်) တတိယ [၁]၊ "အဖေမသေပါနှင့် အဖြူရောင်သစ္စာကဗျာများ" ဖြင့် ၂၀၁၁ ခုနှစ်၊ ပခုက္ကူ ဦးအုံးဖေ စာပေဆု (ကဗျာပေါင်းချုပ်) တတိယ[၂]၊ "ဇာတိပုည ဂုဏ်မာန - ဇာတိမာန်၊ ဘဝ၊ ရသကဗျာများ" ဖြင့် ဒုတိယအကြိမ် စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ (ကဗျာပေါင်းချုပ်-စာမူ) ၂၀၁၉ခုနှစ်တွင် အထူးဆု (၁) စသည့် စာပေဆုများ ရရှိခဲ့သည်။

စာပေတာဝန်များအဖြစ် ကျောက်တန်းမြို့နယ်၊ မြို့နယ်စာရေးဆရာအသင်း၏ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (နာယက၊ ကျောက်တန်းမြို့နယ်) အဖြစ်လည်းကောင်း ယနေ့တိုင် ထမ်းဆောင်လျက်ရှိပြီး ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုများကို စဉ်ဆက်မပြတ် ရေးသားလျက်ရှိသည်။

စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် အငယ်တန်းစာရေးအဖြစ် အမှုထမ်းခဲ့ပြီး အငြိမ်းစားယူခဲ့ပြီး ကျောက်တန်းမြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်မိရပ်ဖတစ်ဦးအနေဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည်။ ကဗျာ၊ စာပေများကို ဆက်လက်ရေးသားလျက်ရှိပြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိသည်။