ကျိုက်မှော်ဝန်းရေလယ်စေတီတော်

Listing Description

ကျိုက်မှော်ဝန်းရေလယ်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ရှိ မှော်ဝန်းချောင်းတွင် တည်ရှိသည်။ ကျောက်တန်းမြို့တွင် တည်ရှိသဖြင့် ကျောက်တန်းရေလယ်ဘုရားဟူ၍ လူသိများ ထင်ရှားပါသည်။ စေတီတော်၏ သမိုင်းအရ သာသနာနှစ် ၂၁၅ ခုနှစ်တွင် ပါဒနိုင်ငံတော်ကို စတင်တည်ထောင်နန်းတည်ခဲ့သော ဘောဂသနမင်းမှ သာသနာသက္ကရာဇ် ၂၃၈ ခုနှစ်တွင် ဆရာရသေ့ပေးအပ်လာသော မြတ်စွာဘုရားရှင်၏ ဆံတော်နှင့် ဓာတ်တော်များကို ဌာပနာ၍ ဉာဏ်တော်အမြင့် ၇ တောင်ရှိသော ကျိုက်မျှော်ကဋော့စေတီကို တည်ထားခဲ့ပါသည်။ ဘောဂသေနမင်းမှ (၁၀) ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီး လက်ထက်တွင် သီဟိုဠ်ဘုရင်ထံမှ လက်ဆောင် ပဏ္ဏာအဖြစ် ရရှိခဲ့သော ဆံတော် (၁) ဆူ၊ ဓာတ်တော် (၂၇) ဆူကို ရွှေကြုတ်၊ ငွေကြုတ်တွင် ထည့်ပြီး သီရိလင်္ကာမှ ကြွရောက်လာသော ရဟန္တာအရှင်သူမြတ် (၈) ပါး မိန့်ကြားချက်နှင့်အညီ မူလကျိုက်မျှော်ကဋော့စေတီတော်တွင် ဌာပနာ၍ ပြုပြင်တည်ဆောက်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်၌ အမိန့်တော်ရ ရှေ့နေဦးဘထွန်း၏ ဇနီး ဒေါ်သက်မှ ဉာဏ်တော် (၃၄) တောင်၊ မုဋ် (၄) ဆင့် ပါသော စေတီတော်ကို မူလစေတီငယ်အား ငုံ၍ တည်ဆောက်ခဲ့ပါသည်။ စေတီတော်ဘွဲ့ကိုလည်း ကျိုက်မျှော်ကဋော့မှ ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဟု ဘွဲ့တော်ပြုခဲ့ပါသည်။ သက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါဆိုလ၌ ငှက်ပျောဖူးမြေခပြီး ထီးတော်ပါကျ၍ ကျောက်တန်းမြို့ အရှေ့ပိုင်း ကမ်းနားလမ်းနေ ဦးကျော်နှင် ဇနီးဒေါ်စိန်မေမှ လှူဒါန်းသော ထီးတော်သစ်ကို ၁၃၁၁ ခု၊ ကဆုန်လပြည့်နေ့၌ ပြန်တင်ခဲ့ပါသည်။ ထိုမှတစ်ဆက်တည်း ဂေါပကအဆက်ဆက်မှ စေတီတော်ကို ပြုပြင်ထိန်းသိမ်းခဲ့ပါသည်။