ကျိုက်ပါဒကြီးစေတီတော်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးစံပြကျေးရွာတွင် တည်ရှိသည်။ သာသနာသက္ကရာဇ် ၁ ခုနှစ်တွင် ဗုဒ္ဓဉာဏနှင့် ဓမ္မဉာဏ ရဟန်းတော်နှစ်ပါးက မြတ်စွာဘုရားရှင်သုံးတော်မူသော ဓမ္မကရိုဏ်းတော်နှင့် ခါးပန်းတော်တို့ကို ပါဒမင်းဆက် ငါးဆက်မြောက်မင်းဖြစ်သော ရာဇစောနောင်မင်းကြီးကို ပေးအပ်ခဲ့သည်။ မင်းကြီးသည် နန်းတော်၏တောင်ဘက် တာ ၅၀ ခန့်အကွာ ဇေယျာဒီပကုန်းမှ တိဿဘောဂသေနာမင်း ရသေ့အဖြစ်နှင့် မြှုပ်နှံကိုးကွယ်ခဲ့သော ဘုရားရှင်ဆံတော်မြတ်တစ်ဆူကိုလည်း တူးဖော်တွေ့ရှိခဲ့ရာ ထိုဆံတော်တစ်ဆူ၊ ဓမ္မကရိုဏ်းတော်နှင့် ခါးပန်းတော်တို့ကို ဌာပနာ၍ သာသနာနှစ် ၃ ခုနှစ်တွင် စေတီတော်ကို တည်ထားကိုးကွယ်ပြီး "ပါဒဆံတော်ရှင်စေတီတော်"ဟု ဘွဲ့အမည်ခေါ်တွင်ခဲ့ပါသည်။ ကာလကြာမြင့်လာသောအခါ စေတီတော်သည် ပျက်စီးယိုယွင်းပြီး ချုံနွယ်ပိတ်ပေါင်းများဖုံးလျက်ရှိခဲ့ရာ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့တွင် စေတီတော်ပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပြီး ပြန်လည်ပြုပြင်တည်ထားကိုးကွယ်ခဲ့ရာ ယခုမြင်တွေ့ရသည့်အတိုင်း ဖူးမြော်ကြည်ညိုနိုင်ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ ပေရှိသည်။ စေတီတော်၏မြောက်ဘက် တစ်ဖာလုံခန့်အကွာတွင် ဉာဏ်တော်အမြင့် ၄၀ ပေ၊ ၈ လက်မရှိ ပါဒကြီးငါးထပ်ကြီးဘုရား ရုပ်ပွားတော်ကြီးကိုလည်း ဖူးမြော်ကြည်ညိုနိုင်ပါသည်။