ပီလခတ်ဟိန္ဒူဘုရားကျောင်း

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာတွင် တည်ရှိပါသည်။ "ပီလခတ်"ဆိုသည်မှာ "ပင်လယ်ကပ်" ဟူသော စကားမှ ပြောင်းလဲလာခဲ့ခြင်းဖြစ်ပြီး ယခင်က ဤဒေသသည် ပင်လယ်ကမ်းစပ်ဖြစ်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ တမီလ်လူမျိုးများ စတင်အခြေချ နေထိုင်ခဲ့ကြသည်။ ဘုရားကျောင်းကြီးကို အိန္ဒိယမှ မြန်မာနိုင်ငံတွင် လာရောက်အခြေချ နေထိုင်သော လယ်သမားကြီး ဦးကူပူဆာမိက ၎င်း၏အိပ်မက်အရ ခရစ်နှစ် ၁၈၆၁ ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ပါသည်။ ဘုရားကျောင်း၏ အမည်မှာ "ပီလခတ် စရီအန်ဂါလဲ စရီ မဟာမူနီ ဝရရ် ဟိန္ဒူဘုရားကျောင်း" ဖြစ်သည်။ မယ်တော်ကျောင်းနှင့် သားတော်ကျောင်းဟူ၍ နှစ်ကျောင်းရှိသည်။ ဆုတောင်းအဓိဌာန်များ ပြည့်ဝသည်ဟု ထင်ရှားသော ပီလခတ်ဘုရားကျောင်းတွင် လူမျိုးဘာသာပေါင်းစုံမှ ဆုတောင်းသူများဖြင့် စည်ကားလျက်ရှိသည်။ ဘုရားကျောင်းကို ၂၀၀၃ ခုနှစ်တွင် အုတ်မြစ်ချ အကြီးစားမွမ်းမံပြုပြင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ထီးတင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထီးတင်ပွဲပြုလုပ်သော တမီလ်ဘုရားကျောင်းတစ်ခုလည်း ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ပုဏ္ဏား ၁၀၀ ကျော်တို့က ၄၅ ရက်တိုင်တိုင် ရွတ်ဖတ်သန့်စင်၍ ထီးတင်ခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းဝန်းအတွင်းရှိ ပန်းချီ၊ ပန်းပုလက်ရာများမှာ အိန္ဒိယနိုင်ငံမှ ပညာရှင်များ၏ လက်ရာများဖြစ်ပြီး အချို့သော အသုံးအဆောင်ပစ္စည်းများကိုလည်း အိန္ဒိယနိုင်ငံမှ တိုက်ရိုက်မှာယူ ထုဆစ်ထားသည်ဟု သိရပါသည်။ နှစ်စဉ် တပေါင်းလပြည့်နေ့၌ ဘုရားကျောင်းပွဲတော် ကျင်းပပြီး ပွဲတော်တွင် ထီးတော်တင်ခြင်း၊ မီးနင်းပွဲကျင်းပခြင်းတို့ ကျင်းပပါသည်။