ကျိုက်သီရိဓမ္မသိုက်စေတီတော်

Listing Description

ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အင်းဖားရွာတွင် တည်ရှိသည့် သမိုင်းဝင်စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သမိုင်းအရ မြတ်စွာဘုရားသည် သုဝဏ္ဏဘူမိတိုင်း သထုံပြည်သို့ ဒေသစာရီကြွချီလာရာ ရသေ့ခြောက်ပါးအား ဆံတော်တစ်ဆူစီ ချီးမြှင့်ခဲ့ပြီး ထိုရသေ့များသည် မိမိတို့နေထိုင်သော တောတောင်များတွင် ဆံတော်များ ဌာပနာ၍ စေတီတော်များ တည်ထားပူဇော်ကြရာ ဤကျိုက်သီရိဓမ္မသိုက်စေတီတော်သည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပါသည်။ နှစ်ကာလကြာမြင့်လာသောအခါ စေတီတော်သည် ပြုပြင်မွမ်းမံသူမရှိဘဲ တောတောင်ထဲတွင် တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည်။ သီရိဓမ္မာသောကမင်းကြီးလက်ထက် သာသနာပြုရဟန္တာများ စေလွှတ်သောအခါ အရှင်သောဏနှင့်အရှင် ဥတ္တရမထေရ်ကို ရာမညတိုင်းသို့ ကြွလာပြီး ကျိုက်သီရိဓမ္မသိုက်စေတီတော် အပါအဝင် ဆံတော်ရှင်ကျောက်စေတီခုနစ်ဆူကို ရှာဖွေဖော်ထုတ်ပေးခဲ့ပါသည်။ ထိုအခါ ဓမ္မစေတီမင်းက တောခြုံများရှင်းလင်းပြီး အသစ်တစ်ဖန် ပြန်လည်တည်ထားခဲ့ကြောင်း သိရပါသည်။