ပုတ္တလင်ဘုရား

Listing Description

ပုတ္တလင်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ တဘက်ကျဘုရားအနီး၊ သဗ္ဗညုဘုရားမှ အာနန္ဒာဘုရားသို့ သွားလာသည့် သရဝတ်တံခါးဟောင်းရာအတွင်း တောင်ဘက်အနီး၌ တည်ရှိပါသည်။ ပုတ္တလင်ဘုရားသည် လေးထောင့်အုတ်ခုံခံ ပုဂံခေတ်ဦးပိုင်းစေတီပုံလက်ရာဖြစ်ပြီး တဘက်ကျဘုရားထက် ရှေးကျသော စေတီတစ်ဆူဖြစ်ပါသည်။ တဘက်ကျဘုရားသမိုင်းနှင့် ဆက်စပ်နေပြီး အနော်ရထာမင်းကြီး၏မယ်တော်သည် သားဖြစ်သူ အနော်ရထာနှင့် လင်ဖြစ်သူ စုက္ကတေးမင်းတို့ စီးချင်းထိုးကြောင်းကြားသိသဖြင့် စိုးရိမ်ပူပန်ကာ အပြေးအလွှားသွားရာတွင် တဘက် (ပဝါ) ပြုတ်ကျကျန်ရစ်ခဲ့ပြီးနောက် ယခုပုတ္တလင်ဘုရားတည်နေရာအရောက်တွင် "ပုတ္တလင်" (သား၊ လင်) ဟုအော်ဟစ်မြည်တမ်းရင်း ငိုကျွေးခဲ့သောနေရာကို နောင်တွင် ပုတ္တလင်ဘုရားအဖြစ် အနော်ရထာမင်းကြီး အထိမ်းအမှတ်ပြု၍ တည်ထားခဲ့ကြောင်း ဆိုပါသည်။ ယခုအခါ ပုတ္တလင်ဘုရားကို ရှေးမူမပျက် ဖူးမြော်လေ့လာနိုင်ပါသည်။