ကာတွန်းဆရာ လေရူး (၁၉၅၂ - ၂၀၁၈)

Listing Description

၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်တွင် အဖ ဦးစိန်မောင်၊ အမိဒေါ်ခင်စိန်တို့မှ မိတ္ထီလာမြို့၌ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးခင်ဇော် ဖြစ်သည်။ မွေးချင်း ခြောက်ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ဆရာသည် မိတ္ထီလာမြို့ အလက (၁)၊ အထက(၂) နှင့် အထက (၃)တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၇၂-ခုနှစ်တွင် အခြေခံပညာ အထက်တန်း စာမေးပွဲကို (ခ)အဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် ကာတွန်း ဝင်းမောင်ထံမှ စာပေးစာယူဖြင့် ကာတွန်းပညာကို သင်ယူခဲ့သည်။

၁၉၇၆-ခုနှစ်တွင် မိဘများနှင့်အတူ မန္တလေးမြို့သို့ ပြောင်းရွေ့လာခဲ့ပြီး ဟံသာဝတီ သတင်းစာတွင် ကာတွန်းများ စတင်ရေးသားခဲ့သည်။ ၁၉၇၈-ခုနှစ်တွင် "'ကျွန်တော်နှင့် သီဟဗာဟု"'အမည်ဖြင့် လုံးချင်းကာတွန်း စာအုပ် ထွက်ရှိခဲ့သည်။ ရုပ်ပြကာတွန်း (၇) အုပ် ရေးသားခဲ့သည်။ ၁၉၉၆-ခုနှစ်တွင် ကောင်းဇော်အမည်ဖြင့် ပန်းချီရေးဆွဲခဲ့ပြီး ပြည်တွင်းပြည်ပ ပန်းချီပြပွဲပေါင်း (၃၃) ပွဲတွင် ပါဝင်ပြသခဲ့သည်။

စာနယ်ဇင်းများတွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ဂျပန်နိုင်ငံ တိုကျို နိုင်ငံတကာကာတွန်းပြိုင်ပွဲတွင် ၂၀၀၅-ခုနှစ်၊ ၂၀၁၆-ခုနှစ်နှင့် ၂၀၁၁-ခုနှစ်တို့တွင် ဆုများ ရရှိခဲ့ပြီး ကိုရီးယားနိုင်ငံ ဒေးဂျုံး နိုင်ငံတကာကာတွန်းပြိုင်ပွဲတွင် ဆုပေါင်း ၁၀-ဆု ရရှိခဲ့သည်။ ၂၀၁၀-ပြည့်နှစ်တွင် မန္တလေးကာတွန်းဆရာများ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၇-ခုနှစ်တွင် ကောင်းဇော် စာပေထုတ်လုပ်ရေးကို တည်ထောင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ကာတွန်း (၃၀၀၀) ကျော် ၊ ဝတ္ထု၊ ဆောင်းပါး (၆၀၀)ကျော် ဟာသဝတ္ထုတို လုံးချင်း (၇)အုပ် ဆောင်းပါးနှင့် ရသ ဝတ္ထုလုံးချင်း (၃)အုပ် ရေးသားခဲ့သည်။ ကလောင်အမည်ခွဲများမှာ ကောင်းဇော်၊ လူးရေ ဖြစ်သည်။

ကာတွန်းဆရာ လေရူးသည် ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့၌ မန္တလေးမြို့တွင် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၆)နှစ် ရှိပြီဖြစ်ပြီး ဇနီး ဒေါ်လှလှမြင့် (ခ) ဒေါ်မွှေး၊ သမီး မမို့မို့သိမ့်တို့ ကျန်ရစ်သည်။