သက်တော်ရစေတီ

Listing Description

သက်တော်ရစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အနော်ရထာလမ်းမကြီး၏ ယာဘက်၊ဝက်ကြီးအင်းရွာတောင်ဘက် ဆူးလေကုန်းပေါ်တွင် တည်ရှိသည်။ ရှေးအခါက ယင်းကုန်းမြေကို စောလူးကုန်းဟု ခေါ်တွင်ခဲ့ပြီး ကာလရွေ့လျားလာသည်နှင့် ဆူးလေကုန်းဟု ယနေ့အမည်တွင်သည်။ ဆူးလေကုန်းသည် တရုတ်ပြေး ဥမင်အနီး ဂူပြောက်ကြီးဘုရား၏ တောင်ဘက် ကျန်စစ်သား ဥမင်ဂူ၏ အရှေ့ဘက်တွင် တည်ရှိသည်။ သက်တော်ရစေတီတော်သည် လေးဘက်မုခ်ပါသော ဂူဘုရား အမျိုးအစားဖြစ်သည်။ သက်တော်ရစေတီတော် တည်ထားပုံလက်ရာအရ သက္ကရာဇ် ၁၀၇၇-၁၀၈၄-ခုနှစ်ကာလ၊ စောလူးမင်း လက်ထက်တွင် တည်ထားခဲ့သည်ဟု တွက်ဆနိုင်သည်။ မုခ်လေးခုတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပနှင့် ဂေါတမစသည့် ဘုရားလေးဆူကို ရည်စူးတည်ထားသည်။ အရှေ့မုခ်ရှိ ဆင်းတုတော်မှာ မတ်ရပ်ဆင်းတုတော်ဖြစ်ပြီး ကျန် သုံးဆူမှာ တင်ပလ္လင်ခွေ ဆင်းတုတော်များဖြစ်သည်။ အတွင်းဂန္ဓကုဋိရှိ ဆင်းတုတော်များ၏ နောက်ကျောဘက် နံရံများ၌ ရှေးဆေးရေး ပန်းချီများဖြင့် တန်ဆာဆင်ထားသည်ကို ယနေ့တိုင် အထင်အရှားရှိနေသည်။