ခြောက်ထပ်ကြီးဘုရား

Listing Description

ခြောက်ထပ်ကြီးဘုရားသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်တွင် တည်ရှိပြီး ရန်ကုန်မြို့တွင် ထင်ရှားသောဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်သည်။ မူလဘုရားဒကာမှာ သူဌေးကြီးဆာဘိုးသာဖြစ်သည်။ ဆာဘိုးသာသည် ၁၉ဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ငါးထပ်ကြီး ဘုရားအနီး မြေ ၄.၂၅ ဧကကို ငွေ ၁၄,၂ဝဝ ကျပ် ပေး၍ ဝယ်ယူပြီး ရွှေသာလျောင်း ရုပ်ပွားတော်ကြီးကို ဦးဆောင် တည်ထားခဲ့ရာ ခြောက်ထပ်ကြီးဘုရား ဟူ၍ ထင်ရှားသည်။ မူလခြောက်ထပ်ကြီးဘုရား၏ ဉာဏ်တော်အမြင့်မှာ ၁၀၁ ပေ၊ ဉာဏ်တော်အလျား ၂၃၅ ပေရှိပါသည်။ ဆာဘိုးသာကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာကြာသောအခါ ခြောက်ထပ်ကြီး ရွှေသာလျောင်း ဘုရားကြီးနှင့် တန်ဆောင်းတော်ကြီးတို့မှာ ဟောင်းနွမ်းယိုယွင်းစပြုနေပြီ ဖြစ်ပါသဖြင့် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ ဩဝါဒ အကြံပေးချက်တို့ ခံယူ၍ ၁၃၂၀ ခုနှစ်၊ တပေါင်းလပြည့် (၂၃.၃.၁၉၅၉) တွင် ချပ်သင်းသူဌေး စည်သူဦးဘတင်က သံတိုင်ကြီးကို စတင်တိုင်ထူခဲ့ပြီး တန်ဆောင်းတော်ကြီး၏ ပင်မအလှူရှင်အဖြစ်လည်းကောင်း၊ ရွှေသာလျောင်းရုပ်ပွားတော်ကြီး၏ ပဓာနအလှူရှင်အဖြစ် လည်းကောင်း ဘုရားကြီး ပြန်လည်တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ချပ်သင်းသူဌေး စည်သူဦးဘတင်နှင့် ဇနီး ဒေါ်သိန်းတို့က လှူဒါန်းခဲ့ကြ၍ အများပြည်သူတို့ကလည်း စုပေါင်းထည့်ဝင်ပြီး လှူဒါန်းခဲ့ကြသည့် ငွေတို့ဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြရာ ပြီးစီးအောင်မြင်သဖြင့် ၁၃၃၆ ခုနှစ်၊ ကဆုန်လပြည့် ၅.၅.၁၉၇၄ တွင် သံဃာတော်အပါး ၃၀ဝ နှင့် ၉ ရက်တိုင်တိုင် အနေကဇာတင် လှူဒါန်းခဲ့သည်။ ယခုအခါ ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီးမှာ ဉာဏ်တော်အမြင့် ၅၈ ပေ၊ ဉာဏ်တော်အရှည် ၂၁၆ ပေ ရှိပြီး မြန်မာနိုင်ငံရှိ အကြီးဆုံးလျောင်းတော်မူဘုရားများတွင်လည်း အပါအဝင်ဖြစ်ကာ ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန်တွင် ပါဝင်သတ်မှတ်ထားသော စေတီ၊ ဘုရား ၁၆ ဆူအနက် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ခြောက်ထပ်ကြီးဘုရားဟု ခေါ်ဆိုရခြင်းမှာ ဝါး (ငြမ်းဆင်) ခြောက်ပြန်ဆက်ပြီး ဆင်သောကြောင့် ခြောက်ထပ်ကြီးဟုခေါ်ဆိုခြင်းဖြစ်ပါသည်။

ငါးထပ်ကြီးဘုရားသမိုင်းကို ဖတ်ရှုရန်

ကိုးထပ်ကြီးဘုရားသမိုင်းကို ဖတ်ရှုရန်