သန်းဝင်းလှိုင်

Listing Description

စာရေးဆရာ သန်းဝင်းလှိုင်ကို ၁၉၅၈ ခု၊ ဇူလိုင် ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ အဖ ဦးစိန်ထွန်း (ဗေဒင် လက္ခဏာ ဆရာ)၊ အမိ ဒေါ်တင်အေး (ကွယ်လွန်) တို့မှ မွေးဖွား၍ တစ်ဦးတည်းသော သား ဖြစ်သည်။ အမည်ရင်း ဦးသန်းဝင်းဖြစ်သည်။ ငယ်စဉ်ကပင် စာပေနှင့် ပန်းချီ ဝါသနာ ထုံ၍ နံရံကပ် စာစောင်များတွင် ဆောင်းပါးများ ရေးသား၍ ပန်းချီကားများ ရေးဆွဲခဲ့သည်။ ကျောင်းနေစဉ် ကျောင်းစာကြည့်တိုက်များ၌လည်း စာကြည့်တိုက်မှူးအဖြစ် အကြိမ်ကြိမ်တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။

ထို့နောက် ၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်းပါ 'အနာဂတ် အာကာသလွန်းပျံယာဉ်' သိပ္ပံ ဆောင်းပါးဖြင့် စာပေနယ်ကို စတင် ဝင်ရောက်ခဲ့သည်။ ၁၉⁠၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော 'ကျောက်မျက်ရတနာလက်စွဲ' စာအုပ်သည် ပထမဆုံး လုံးချင်းစာအုပ် ဖြစ်သည်။ ဆက်လက်၍ 'နေမဝင်သေးသည့် ဘုရင်များ'၊ 'လူတိုင်းအတွက် သုတဗေဒင်'၊ 'ရုပ်တုမှ ပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ'၊ '၂ဝ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ'၊ 'အနှစ်ချုပ် မြန်မာ့သမိုင်း အဘိဓာန်'၊ '၂ဝ ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ'၊ 'နန်းစဉ် ရတနာနှင့် နန်းဓလေ့ စာတမ်းများ'၊ 'အသုံးချ ရူပသျှတ္တရပညာ' စာအုပ်များကို ရေးသားခဲ့သည်။

ယခင်က သုတစွယ်စုံ မဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် (၁၉၈၆) ခုမှ (၁၉⁠၉၆)ခုနှစ်အထိ ရေးသားခဲ့သည်။ ထို့အပြင် 'မြန်မာ့ ဈေးကွက် စီးပွားရေးဂျာနယ်'နဲ့ 'မြရိပ်ညိုဂျာနယ်' တို့ကို ပထမဆုံး တာဝန်ခံ ထုတ်ဝေခဲ့ပြီး၊ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ သန်းဝင်းလှိုင် ကလောင် အမည်အပြင် 'သိပ္ပံချစ်သူ'၊ 'စိန်လှိုင်တင်'၊ 'နေရဲစွမ်း'၊ 'မောင်စစ်ပြန်'၊ 'ပြည်ဟိန်း' စသည့် ကလောင်အမည်ခွဲများဖြင့်လည်း စာနယ်ဇင်းများ၌ ရေးသားလျက် ရှိသည်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး အဖွဲ့ဝင်အမှတ်မှာ (၁၀၁) ဖြစ်သည်။

စာရေးဆရာ သန်းဝင်းလှိုင်သည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပါဝင်သော 'ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ' စာအုပ်ကို ရေးသားထုတ်ဝေမှုနှင့် ၂ဝ⁠ဝဝ ခုနှစ်၊ ဇွန်လမှာ ထောင် (၇) နှစ် ကျခံ ခဲ့ရပြီး၊ ၂ဝ⁠ဝ၇ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာသည်။

ထို့နောက် ဝန်ကြီးချုပ်ဟောင်း ဦးနု နှစ် (၁ဝဝ) ပြည့်နေ့ (၂၅ မေ ၂ဝ⁠ဝ၇) တွင် ထုတ်ဝေရန် စီစဉ်ထားသော 'ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ဘဝပုံရိပ်နဲ့ ဓာတ်ပုံမှတ်တမ်းများ' စာအုပ်ကိုလည်း နအဖ စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင် ခဲ့သည်။

ဆရာသည် ရှေးဟောင်းစာပေ အကြောင်းအရာများကို ထည်း⁠ထည်းဝင်ဝင် လေ့လာထားသူ ဖြစ်သည်။

ကလောင်အမည်များ

သန်းဝင်းလှိုင်

သိပ္ပံချစ်သူ

ရွှေပြည်အောင်

စိန်လှိုင်တင်

နေရဲစွမ်း

ပြည်ဟိန်းအောင်

သန်းရွှေနိုင်

ထုတ်ဝေပြီး စာအုပ်များ

ကျောက်မျက်ရတနာလက်စွဲ

နေမဝင်သေးသည့် ရှင်ဘုရင်များ(ပ ဒုတွဲ)

လူတိုင်းအတွက် သုတဗေဒင်

ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ

၂၀ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ

အနှစ်ချုပ် မြန်မာ့သမိုင်း အဘိဓာန်(ပ ဒုတွဲ)

၂၀ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ

အသုံးချသျှတ္တရပညာ

အကျော်ဇေယျ စာဆိုတော်များ

မြန်မာ့သမိုင်းတွင် မေ့ပျောက်၍မရသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

ဥဩအော်မြည် ကုန်းဘောင်တည်

နယ်ချဲ့ဆန့်ကျင်ရေး ငြိမ်းချမ်းရေးဖခင်ကြီး

မျိုးချစ်စာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်း

နီပေါနန်းကျဘုရင်

ဒုတိယမြောက်အဲလိဇဘက်ဘုရင်မ

ဂျပန်ဧကရာဇ်ဘုရင်

ထိုင်းဘုရင်မင်းမြတ်

နိုင်ငံ့ဥသျှောင် မင်းဧကရာဇ်များ

နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ

သူတို့မြင်သော ဗိုလ်ချုပ်အောင်ဆန်း

ဒေါက်တာဘမော်၏ နိုင်ငံရေးဆောင်ရွက်ချက်များ

၁၉ရာစု မြန်မာ့သမိုင်းကိုပြောပြနေသော နေ့ရက်များ

အထင်ကရ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ

မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

အာဇာနည်နေ့ကိုဖြင့်မမေ့သင့်ပါ။

လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့

ဗိုလ်ချုပ်အောင်ဆန်းဘွဲ့ကဗျာနှင့် သီချင်းများ

တော်လှန်ရေးကောင်စီ ဘာကြောင့်အာဏာသိမ်းပိုက်ခဲ့သလဲ။

အာဏာရှင်ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း

လူငယ်နှင့်ခေါင်းဆောင်မှု

သခင်ဋီကာသစ်

သင်ဈေးရောင်းတတ်သလား

ဗိုလ်ချုပ်အောင်ဆန်း၏လူငယ်ဘဝ

ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့သူ

တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဘာမှာခဲ့သလဲ