မြို့သာမရာထို

Listing Description

အမည်ရင်းမှာ ဒေါ်နုနုရီ ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ရွာတွင် ဖွားမြင်သည်။ အဖ ဦးတင်ဦး၊ အမိ ဒေါ်ခင်မြတို့၏ သားသမီး လေးဦးအနက် ဆရာမ မြို့သာမရာထိုသည် အကြီးဆုံးသမီး ဖြစ်သည်။ အိမ်ထောင်သည် ဘဝကို ၁၉၆၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ မိသားစု စားဝတ်နေရေး အတွက် တဖက်တလမ်းမှ ဈေးရောင်းရင်း ဈေးသည်ဘဝဖြင့် ရပ်တည်ခဲ့သည်။

မိမိ ဇာတိချက်ကြွေ 'မြို့သာ' ကို အစွဲပြုလျက် 'မြို့သာမရာထို' ဟူသော ကလောင်အမည်ဖြင့် ဝတ္ထုတိုများ ရေးသားလေ၏။ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလထုတ် 'စံပယ်ဖြူ' မဂ္ဂဇင်းတွင် 'ဟုတ်တယ်နော်ကိုကို' ဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ဓနမဂ္ဂဇင်း၊ နွယ်နီမဂ္ဂဇင်း၊ ကလျာမဂ္ဂဇင်းတို့တွင် ဆောင်းပါးများ၊ ဝတ္ထုတိုများ ရေးသားခဲ့သည်။ မဂ္ဂဇင်းများတွင် ရေးသားခဲ့သော ဝတ္ထုတိုများအား ပေါင်းချုပ်စာအုပ်အဖြစ် "တောရထားနှင့်အခြားဝတ္ထုတိုများ" ၊ "မြို့သာနှစ်ယောက် နှင်းဆီတစ်ပွင့်နှင့် ဘဝညိုညို လမ်းမများထက်ဆီ (ဝတ္ထုတိုစုစည်းမှု) (ကလောင်စုံ)" နှင့် "ဗြုန်းတောင်သူ၊ လက်တို့ပွဲနှင့် အခြားဝတ္ထုတိုများ" စာအုပ်များ ထွက်ရှိထား၏။

ဆရာမသည် ဝတ္ထုတို စတင်ရေးသားချိန်၌ ကလောင်အမည်ကို နာမည်ရင်းအတိုင်း "နုနုရီ (မြို့သာ)" ဟုသာ အသုံးပြုခဲ့၏။ သို့သော် "နုနုရည်" ဆိုသော ကလောင်အမည်ဖြင့် တစ်ခြား စာရေးဆရာမတစ်ဦး ရှိနှင့်နေပြီးဖြစ်၍ လူထုဒေါ်အမာ မှ "မြို့သာမရာထို" ဟူသော ကလောင်အမည်ကို မှည့်ပေးခဲ့၏။

တောရထားနှင့် အခြားဝတ္ထုတိုများ' စာအုပ်သည် 'မြို့သာမရာထို' ၏ ပထမဦးဆုံး ထုတ်ဝေသည့် ဝတ္ထုတိုပေါင်းချုပ် စာအုပ်ဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်အတွက် နိုင်ငံတော်မှ ချီးမြှင့်သည့် 'အမျိုးသားစာပေဆု' ဝတ္ထုတိုပေါင်းချုပ်ဆုရ စာအုပ်လည်း ဖြစ်သည်။

(၂၀၂၀) ခုနှစ်၊ ဒုတိယအကြိမ်မြောက် "လမင်းအလင်း" စာပေဆု​ပေးပွဲတွင် "လမင်းအလင်း" ၏ "ရာသက်ပန်စာပေဆု" ကို ရရှိခဲ့သည်။

မြို့သာမရာထိုသည် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဈေးရောင်းရင်း ဈေးသည်ဘဝဖြင့် ရပ်တည်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်ထွန်း (ဒေါ်လာရေချမ်း) နှင့်လက်ထပ်ခဲ့ပြီး သားသမီး လေးဦး မွေးဖွားခဲ့၏။

ယခုအခါ ပြင်ဦးလွင်မြို့တွင် အခြေချကာ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ကာ မိသားစုနှင့်အတူ ကျန်းမာစွာ နေထိုင်လျက်ရှိသည်။