ရှင်ပင်လေးဆူစေတီတော်

Listing Description

သန်ဂုံပမအမည်ရ ရှင်ပင်လေးဆူစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့၊ အမှတ် (၁) ရပ်ကွက်၊ အင်းဝကျောင်းတိုက်အတွင်း တည်ရှိပါသည်။ စေတီတော်၏သမိုင်းကြောင်းအရ ရှမ်းနီဘုရင် သိုဟန်ဘွားသည် အင်းဝဘုရင်အဖြစ်စိုးစံချိန်၌ ဘုရားစေတီပုထိုးများ၏ ဌာပနာများကို ဖောက်ယူခြင်း၊ ရဟန်းသံဃာများကို သတ်ဖြတ်ခြင်းတို့ကြောင့် အချို့သောအင်းဝနယ်သူနယ်သားများသည် သိုဟန်ဘွား၏ရန်ကိုကြောက်ရွံ့ကာ မိမိတို့ကိုးကွယ်သည့် ရဟန်းသံဃာတော်များကို ပင့်ဆောင်၍ ဘေးလွတ်ရာအရပ်သို့ ပြောင်းရွှေ့အခြေချလာခဲ့ကြရာ ငါန်းဇွန်အရပ်တွင် ကျောင်းတိုက်တည်ဆောက်လှူဒါန်း၍ ကျောင်းတိုက်၏အမည်ကိုလည်း အင်းဝကျောင်းတိုက်ဟု ခေါ်တွင်ခဲ့ကြောင်း သိရပါသည်။ ဆရာတော် ဦးသုမလလက်ထက် ၁၂၈၂ ခုနှစ်တွင် ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ လေးဆူစေတီတော်အား တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်မြတ်ကြီးအား ၁၃၃၀ ပြည့်နှစ် နတ်တော်လဆန်း ၁၀ ရက်နေ့တွင် ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ၁၃၃၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့တွင် စေတီတော်မြတ်ကြီး၏ သမိုင်းကျောက်စာတိုင် စိုက်ထူပူဇော်ခြင်းနှင့် ၁၃၃၂ ခုနှစ် သီတင်းကျွတ်လဆန်း ၅ ရက်နေ့တွင် စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းများ ပြုလုပ်ခဲ့ပါသည်။