ဦးဖူးညို (၁၈၆၂-၁၉၂၉)

Listing Description

မြန်မာ့ရုပ်သေးလောကတွင် “အပြောဦးဖူးညို အဆိုဦးပု” ဟုဆိုစမှတ်ပြုရသော ရုပ်သေး အနုပညာရှင်ကြီးနှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။

မောင်ဖူးညိုသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာတွင် ၁၂၃၃-ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၇)ရက် ကြာသပတေးနေ့တွင် ဖွားမြင်သည်။ မိဘများမှာ ဦးမင်းသား+ဒေါ်မင်းအံ့ တို့ဖြစ်သည်။ ကိုဖူးညိုသည် အသက်(၂၄)နှစ်အရွယ်တွင် မိမိ၏ ဇာတိရွာသူ မခို နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ ကိုဖူးညို၏ ရုပ်သေးအဖွဲ့သည် သီပေါဘုရင်မင်းမြတ်၏ အသုံးတော်ခံ မင်္ဂလာစင်တော် တစ်ခုဖြစ်လာသည်။ သီပေါမင်းတရားသည် ကိုဖူးညို အမှုထမ်း အသုံးတော်ခံပုံကို နှစ်သက် အားရတော်မူသဖြင့် မဓုသဒ္ဒရွှေတောင်ကျော်စွာဘွဲ့ဖြင့် ချီးမြှင့်တော်မူသည်။ ကိုဖူးညိုသည် လင်ကွဲမယားကွဲဇာတ်လမ်းများကို ခင်းကျင်းပြသလေ့ရှိသည်။ စုံနံသာမြိုင် ရှာပုံတော်ကြီးကို နတ်လမ်းညွန်များ နှင့်တကွ ညဉ့်လုံးပေါက် ကပြသည်။ ထိုခေတ်က “လင်ပျောက်ရှာ” “ဟေမဝန်ဗွေ” “ဟေဝန်မြိုင်” စသည်တို့မှာ လူကြိုက်များလှသော ရှာပုံတော်သီချင်းများ ဖြစ်ကြသည်။ သီပေါမင်းပါတော်မူပြီးနောက်တွင် ၁၂၄၉-ခုနှစ်၌ ကိုဖူးညိုက“သီဟာပျံနန်းဘုံမြင့်မှာလ၊ ညီလာခံဖျန်း လှုံတင့်စဉ်က၊ ဆန်းစုံဝေဆင့် ပတ္တမြားပလ္လင်မှာနော်ရှင်၊ စန်းယုန်ငွေပွင့် မခြားသွင်းပါ” ဟူ၍ အရှင်သခင် သီပေါမင်းကို တမ်းတလွမ်းလှည့်တေးကို ဖွဲ့ဆိုလိုက်သောအခါ များစွာသော ပရိသတ်တို့မှာ မိမိတို့၏အရှင်သခင် ဘုရင်မင်းကို များစွာလွမ်းဆွတ် တသကြရသည် နှင့်အမျှ နယ်ချဲ့တို့ကို မကျေမချမ်း စောင်းမြောင်းထားသော အဖွဲ့အစပ်များကို ကြားရသဖြင့်လည်း မျိုးချစ်စိတ်များ တဖွားဖွား ပေါ်ပေါက်လာကြရလေသည်။

နွားကျောင်းသားဘဝမှ ဘုရင့်အသုံးတော်ခံ ရုပ်သေးမင်းသမီးအဖြစ်အထိ တက်လှမ်းခဲ့ပြီးလျှင် အင်္ဂလိပ် အစိုးရခေတ်တွင်လည်း အင်္ဂလိပ်အစိုးရအရာရှိကြီးများ၏ ရွှေတံဆိပ်များဖြင့် ဆုချီးမြှင့်ခြင်း အဖုံဖုံခံရသော သဘင်အနုပညာရှင်ကြီးတစ်ဦး ဖြစ်သည့် ရုပ်သေးမင်းသမီးဦးဖူးညိုသည် အသက် (၆၈) နှစ်အရွယ် ၁၂၉၁-ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၇) ရက်နေ့တွင် ကွယ်လွန်သည်။